Home
မြန်မာသတင်း
ထီးချိုင့်မြို့နယ် ဧရာဝတီမြစ်ကြောင်းတွင် စစ်ကောင်စီရေယာဉ် မိုင်းဆွဲခံရ
DVB
·
December 27, 2021
270191011_120840040428894_7969110903426192271_n

စစ်ကိုင်းတိုင်း ထီးချိုင့်မြို့နယ်တွင်းက ဧရာဝတီမြစ်ကြောင်း ရေလယ်သောင်တနေရာမှာ ဒီဇင်ဘာ ၂၅ ရက်နေ့က စစ်ကောင်စီရဲ့ လက်နက်နဲ့ရိက္ခာတွေတင်လာတဲ့ ရေယာဉ်တစီးကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ထီးချိုင့် ဒေသခံကာကွယ်ရေးတပ်က ဒီဇင်ဘာ ၂၆ ရက်နေ့က ထုတ်ပြန်ပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို ထီးချိုင့်မြို့နယ်က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်တဲ့ Fox Amry -HPDF က ပြုလုပ်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်ဘက်က လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။

ထီးချိုင့် ဒေသခံကာကွယ်ရေးတပ်ဖွဲ့ဝင်တစ်ဦးက "ကျနော်တို့က သတင်းအတိကျရလို့ တိုက်ခိုက်ခဲ့တာပါ။ မိုင်းဆွဲပြီးချိန် လက်နက်ကြီးနဲ့ရော၊ လက်နက်ငယ်တွေနဲ့ပါ သူတို့ဘက်က ဘေးရမ်းပစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဘက်ကတော့ အထိအခိုက်မရှိခဲ့ပါဘူး။ မိုင်းနှစ်လုံးဆွဲတိုက်ခိုက်ခဲ့တဲ့အတွက် သူတို့ဘက်ကတော့ အထိအခိုက်ရှိမယ်လို့ ယူဆရတယ်။ ဒါပေမယ့် စစ်ကောင်စီဘယ်နှယောက်ကျလဲဆိုတဲ့ အသေပျောက်စာရင်းတော့ မသိသေးဘူးဗျ။ စုံစမ်းနေဆဲပဲ။ တပ်ဖွဲ့လုံခြုံရေးအရ ဒီနေ့မှ ထုတ်ပြန်တာပါ" လို့ ပြောပါတယ်။

ရေယာဉ်မိုင်းထိသွားချိန်မှာ စက်ရပ်သွားခဲ့ပြီးနောက် စစ်ကောင်တပ်က ၆၀ မမ နဲ့ ၄၀ မမ လက်နက်ကြီးတွေအပါအဝင် လက်နက်ငယ်တွေနဲ့ ပြန်လည်ပစ်ခတ်ခဲ့ကြောင်း၊ ဒိနောက် အလျင်မြန် ဆက်လက်ဆန်တက်မောင်းနှင်သွားတယ်လို့ ဆိုပါတယ်။

ရေယာဉ်အတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀ ဝန်းကျင်ပါရှိပြီး ထီးချိုင့်တောင်ပေါ်ကနေ ဆင်းလာတဲ့ တပ်သားတွေဖြစ်တယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်ဘက်က ပစ်ခတ်ခဲ့တာကြောင့် မြစ်အတွင်းက ကျွန်းပေါ်ကို လက်နက်ကြီး တစ်လုံးကျခဲ့ပြီး ကျွန်းပေါ်စိုက်ပျိုးနေတဲ့ ဒေသခံတောင်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။

ထီးချိုင့်‌မြို့နယ်မှာ ဒေသခံကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေကြား မကြာခဏ တိုက်ပွဲဖြစ်ပွားလေ့ရှိပြီး စစ်ကောင်စီတပ်ဘက်က ကျဆုံးတာလည်း အများပြားရှိခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024