စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်အတွင်းက ကျေးရွာတွေမှာ စစ်ကြောင်းထိုးဝင်ရောက် စီးနင်းနေတဲ့ စစ်ကောင်စီတပ်တွေကို ပေါက်တောကျေးရွာအထွက်မှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၂၅ ရက်မနက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။
ဒီနေ့မနက် စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ပေါက်ကျေးရွာအထွက်မှာ စိန်းပြောင်းနှစ်လုံးနဲ့ တိုက်ခိုက်ခဲ့တာလို့ ပ-က-ဖ ရေဦးက ထုတ်ပြန်ထားပါတယ်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သားတွေ ထိခိုက်ဒဏ်ရာရတာ ရှိ၊ မရှိတော့ မသိရသေးပါဘူး။
စစ်ကောင်စီတပ်တွေဟာ ကျေးရွာတွေထဲကို ဒီဇင်ဘာ ၂၄ ရက်က စတင်ပြီးစီးနင်းဝင်ရောက်နေတာဖြစ်ပြီး ရွာသားတွေ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေဦးမြို့နယ်ထဲက ရေမြက်ကျေးရွာကို စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၀ ရက်က စတင်ပြီး စစ်ရဟတ်ယာဉ်တွေအသုံးပြုကာ ပစ်ခတ်တိုက်ခိုက်ခဲ့သလို ဒေသခံတွေကို ဖမ်းဆီး မီးရှို့ သတ်ဖြတ်တာတွေလည်း လုပ်ခဲ့ပါတယ်။
မီးရှို့ဖျက်ဆီးတာကြောင့် နေအိမ်အလုံး ၇၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး ကျေးရွာထဲမှာ ဒေသခံတွေရဲ့ အလောင်း ၇ လောင်းကို ဒီဇင်ဘာ ၂၄ ရက်နဲ့ ၂၅ ရက်တွေမှာ ရွာသားတွေက တွေ့ရှိပါတယ်။
ဒီဇင်ဘာ ၂၅ ရက်နေ့မှာ စစ်ကောင်စီတပ်တွေ စီးနင်းဝင်ရောက်နေတဲ့ ကျေးရွာတွေမှာတော့ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေတဲ့အတွက် ပျက်စီးဆုံးရှုံးမှုတွေကို မသိရသေးပါဘူး။
လက်ရှိမှာ စစ်ကောင်စီက ရွာမိသာ၊ အောင်သာနဲ့ မုတ်စီကျေးရွာတွေဘက်ကို ဦးတည်နေတယ်လို့ ကျေးရွာဒေသခံတွေ ကို ရေဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။