ထောင်ဒဏ် ၂ နှစ် ချမှတ်ခံထားရတဲ့ မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ အဂတိအမှု ၉ မှုလုံးအတွက် ဒီဇင်ဘာ ၂၃ ရက်နေ့မှာ စွဲချက်တင် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက တာဝန်ယူစဉ် ကာလအတွင်း လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေးလုပ်ငန်းရှင်တွေဆီက ငွေကြေး ရယူခဲ့တယ်လို့ စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားတာပါ။
အဲဒီအမှုတွေအတွက် ကျိုက်မရောဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ နှစ်ဖက်လျှောက်လဲချက်ပေးပြီးနောက် စွဲချက်တင် အမိန့်ချမှတ်လိုက်တာ ဖြစ်ပါတယ်။
စွဲချက်တင် အမိန့် မချမှတ်ခင် စစ်ကောင်စီ တရားသူကြီးက ဝန်ကြီးချုပ် ဒေါက်တာ အေးဇံကို အပြစ်ရှိလားလို့ မေးမြန်းစဉ် ဝန်ကြီးချုပ်က အပြစ်မရှိကြောင်း ပြောဆိုခဲ့တာပါ။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံဟာ လက်ရှိမှာတော့ အဂတိအမှု ၉ မှုအပြင် ပြီးခဲ့တဲ့ ရက်ပိုင်းက ရွေးကောက်ပွဲမှာ မလျော်သြဇာသုံးတယ်ဆိုပြီး စစ်ကောင်စီ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၃၀ (က) ၊ ပုဒ်မ ၁၇၁ (စ) အပါအဝင် အမှု ၃ မှု ထပ်တိုးဖွင့်လှစ်ထားပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကိုတော့ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၇ ရက်နေ့မှာ စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲဖြင့် ပုဒ်မ ၅၀၅ (ခ) နဲ့ အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်ထားတာ ဖြစ်ပါတယ်။