လေးကေ့ကော်မြို့သစ်ကနေ ဖမ်းဆီးခံခဲ့ရသူတွေရဲ့ မိသားစုတွေကို ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ ဒီဇင်ဘာ တတိယပတ်ကစတင်ပြီး စစ်ကောင်စီက လိုက်လံရှာဖွေ ဖမ်းဆီးနေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
မအူပင်မြို့နယ်ကနေ လေးကေ့ကော်မြို့သစ်ထဲမှာ သွားရောက်ခိုလှုံနေတဲ့ CDM ဝန်ထမ်းတွေ၊ နိုင်ငံရေး တက်ကြွလှုပ်ရှားသူတွေနဲ့ ပရဟိတသမားတွေ အားလုံး ၁၂ ယောက် ဖမ်းဆီးခံရပြီးနောက်ပိုင်း မိသားစုဝင်တွေကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လိုက်လံရှာဖွေနေတာလို့ ဒေသခံတဦးက ပြောပါတယ်။
“အောင်ဟိတ်ကျေးရွာနဲ့ ချောင်းဖျားကြီးကျေးရွာကို စမိတဲ့နေ့ကဝင်ရှာတယ်။ အဲ့နောက် မြို့ပေါ်မှာပါ မထင်ရင် မထင်သလို ဝင်စစ်တာတွေလုပ်လာတယ်။ ဧည့်စာရင်းစစ်တယ်ဆိုပြီး လိုက်ရှာနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
လေးကေ့ကော်မြို့သစ်ထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ မအူပင်မြို့သားတွေရဲ့ ဖုန်းနဲ့ ပိုက်ဆံတွေက စစ်ကောင်စီက သိမ်းဆည်းကာ ဖုန်းထဲမှာ ပြောဆိုထားတဲ့စာရင်းတွေကို စစ်ပြီး လိုက်လံရှာဖွေတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။
လေးကေ့ကော်မြို့သစ်ထဲမှာ ဖမ်းဆီးခံလိုက်ရတဲ့ မအူပင်မြို့သား ၁၂ ဦးကို စစ်ကောင်စီက ဘယ်နေရာကို ဖမ်းဆီးခေါ်ဆောင်သွားတယ်ဆိုတာ မသိရသေးသလို မိသားစုဝင်တွေဟာ အိမ်မှာမနေတော့ဘဲ တိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကရင်ပြည်နယ်၊ မြဝတီခရိုင် ၊ လေးကေ့ကော်မြို့သစ်ကို စစ်ကောင်စီတပ်တွေက ဒီဇင်ဘာ ၁၄ ရက်မှာ ကျူးကျော်ဝင်ရောက်လာပြီး လွှတ်တော်ကိုယ်စားလှယ်နဲ့ CDM ဆရာဝန်တွေအပါအဝင် ခိုလှုံနေတဲ့ ပြည်သူတွေကို ဖမ်းဆီးသွားတာဖြစ်ပါတယ်။