စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့တဲ့ ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ရွှေပြည်အေးရွာသား ၁၉ ယောက်ထဲက အမျိုးသား ၂ ယောက်ဟာ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာ ၂၇ ရက်က ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့ပြီး ကျေးရွာသူကျေးရွာသားတွေဟာ ထိတ်လန့်ပြီး ထွက်ပြေးတိမ်းရှောင်ခဲ့ကြပါတယ်။
ရွာမှာ ရိတ်သိမ်းထားတဲ့ စပါးနဲ့ ကျွဲ၊ နွားတွေ ထိန်းသိမ်းဖို့ ရွာမှာ ကျန်တဲ့ရွာသား ၁၉ ဦးကို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွာကိုဝင်ရောက်ချိန် ဖမ်းဆီးခဲ့တာပါ။
သူတို့ကို ဖမ်းဆီးချိန်ကစပြီး စစ်ကောင်စီဘက်ကို ဒေသခံတွေက ကြိုးစားဆက်သွယ်ခဲ့ပေမဲ့ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာ အကြောင်းမပြန်သလို အရှေ့တောင်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဆီ ရွာသားတွေက စာတွေတင်ခဲ့ပေမဲ့ အကြောင်းပြန်တာ မရှိဘူးလို့ ဆိုပါတယ်။
လွန်ခဲ့တဲ့ရက်ပိုင်းမှာတော့ ဖမ်းဆီးခံရတဲ့သူတွေ တောင်ကြီးအမှတ် ၁ ရဲစခန်းမှာ ထိန်းသိမ်းခံ ရတယ်လို့ သတင်းရရှိတဲ့အတွက် မေးမြန်းရာမှာ ဖမ်းဆီးခံရသူ ၁၉ ဦးထဲက အသက် ၆၇ နှစ် အရွယ် ဦးမောင်ညိုနဲ့ အသက် ၄၉ နှစ်အရွယ် ဦးစိုးတင့်တို့ ညှဉ်းပန်းနှိပ်စက်ခံရပြီး သေဆုံးသွားတာသိခဲ့ရတာလို့ ရွှေပြည်အေးရွာသားက ပြောပါတယ်။
“ဘာတခုမှ အကြောင်းမကြားပေးဘူး။ သူတို့ဖမ်းတာတောင် သူတို့ ငြင်းသေးတယ်။ သူတို့လိုင်းပေါ်မှာ ပျံ့နှံ့နေတဲ့ပုံတွေကို ကျနော်တို့ သူတို့ကို ပို့ပေးလိုက်တဲ့အခါကျမှ သူတို့ မငြင်းတော့တာ။ ဒါ သူများရိုက်တာမဟုတ်ဘူး။ သူတို့ဘာသာ သူတို့ရိုက်ပြီး တင်ထားတာလေ။ အဲဒီအခါကျမှ သူတို့ မငြင်းဘူး။ ပြီးတော့ ကျနော်တို့လူကို ကျနော်တို့လူကြီးတွေကို ပြောတဲ့အခါကျတော့ သူတို့တိုင်းမှူးဆီမှာ အသနားခံစာတင်ပါဆိုလို့ ကျနော်တို့ အသနားခံစာလည်း တင်ပြီးပြီ။ အဲဒါလည်း ဘာတခုမှတုံ့ပြန်မှုမရှိဘူး။ အကြောင်းမပြန်ဘူး ဒီတိုင်းပဲပေါ့နော်။ ကျနော်တို့လူကို ဘယ်နားထားလဲဆိုတာလည်း တခုမှ အကြောင်းမကြားဘူး။ ”
သေဆုံးသွားတဲ့ ရွာသား နှစ်ယောက်ကတော့ စစ်ကြောရေးမှာ သေဆုံးဖို့များပြီး ဘယ်တုန်းက သေဆုံးလဲဆိုတာ စကားပြောချိန်မရတဲ့အတွက် အတိအကျ မသိရဘူးဖြစ်တယ်လို့လည်း ပြောပါတယ်။
ရွှေပြည်အေးရွာသားက “အဲဒီတောင်ကြီးအမှတ် ၁ အချုပ်မှာ ရောက်တဲ့အချိန်မှာမှ သူတို့ လိုအပ်တဲ့ဟာတွေ မိသားစုကို မှာလာတဲ့အခါမှ သူတို့ အဲဒီမှာ ရှိတယ်ဆိုတာ သိရတာပေါ့။ အဲဒါ သွားတွေ့ခွင့်လည်း မရဘူး။ သွားကြည့်ခွင့်လည်း မရဘူး။ သူတို့က သူတို့ လိုအပ်ချက်တွေ စားသောက်ဖို့တွေ မှာတဲ့အချိန်မှာ တယောက်ယောက်ဆီမှာ ဖုန်းတောင်းဆက်တာ ထင်တယ်။ အဲဒါ ကျနော်တို့ မေးလိုက်တဲ့အချိန်မှာ ၂ ယောက်တော့ သေသွားပြီလို့ ပြောတယ်လေ” လို့ ပြောပါတယ်။
ဖမ်းဆီးခံနေရစဉ် ရွာသား ၂ ယောက်သေဆုံးသွားတာနဲ့ ပတ်သက်ပြီး တောင်ကြီး ရဲစခန်းကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
လက်ရှိ တောင်ကြီးရဲစခန်းမှာ ထိန်းသိမ်းထားသူ ၁၇ ဦးကိုလည်း အကြမ်းဖက်မှု ဥပဒေပုဒ်မ ၅၂ နဲ့ တရားစွဲဆိုထားပြီး ဒီဇင်ဘာ ၁၃ ရက်နေ့က ပထမ ရမန်ယူထားသလို လာမယ့် ၂၇ ရက်နေ့မှာ ဒုတိယ ရမန်ယူဖို့ရှိနေပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အောက်တိုဘာ ၂၈ ရက်က ဖယ်ခုံမြို့နယ် ရွှေပြည်အေးကျေးရွာ အတွင်း ဝင်ရောက်ကာ နေအိမ်တချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး ရွာသား ၁၉ ဦးကို မျက်လုံးတွေကို အဝတ်စနဲ့ပိတ်၊ ကြိုးတွေနဲ့ ချည်ကာ ဖမ်းဆီးသွားခဲ့တာလည်း ဖြစ်ပါတယ်။
ရှမ်းပြည်တောင်ပိုင်း ဖယ်ခုံ၊ မိုးဗြဲနဲ့ ရှမ်း ကယားနယ်စပ်တွေမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပြင်းထန်ဖြစ်ပွားခဲ့ပြီး လူသောင်းနဲ့ချီ ထွက်ပြေး တိမ်းရှောင်နေကြရသလို့ တချိုကျေးရွာတွေ မီးရှို့ဖျက်ဆီးခံရတာတွေ ရှိနေပါတယ်။