ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ ဒီဇင်ဘာ ၂၂ မနက်ပိုင်းက မြေစာ ပုံပြိုကျပြီး ရေမဆေးကျောက် ရှာဖွေသူ ၁၀၀ ကျော်ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။
ရေမဆေးကျောက် ရှာဖွေသူ ၁၀၀ ကျော်လောက်ဟာ မှော်ဆီစာသာယာကုန်းမှာ မနက် ၄ နာရီခွဲလောက်က ကျောက်ရှာဖွေနေစဉ် မြေစာပုံပြိုကျတဲ့အတွက် ပျောက်ဆုံးသွားတယ်လို့ ဒေသခံတွေက ဆိုပါတယ်။
“မနက် ၄ နာရီခွဲလောက်က မြေပြိုတယ်၊ အောက်မှာရှာနေတဲ့သူတွေလည်း ပါသွားတယ်။ ၁၀၀ ကျော်လောက်ရှိမယ်။ မနက် ကျနော်တို့ လှည့်ပတ်ပြီး လူရှာနေတုန်းတော့ ရှာဖွေ ကယ်ဆယ်ရေးတွေ ရောက်မလာသေးဘူး" လို့ မြေစာပုံအတွင်း လူပျောက်လိုက်ရှာသူ ဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
မြေစာပုံပြိုကျမှုကြောင့် ဘယ်လောက်သေဆုံးတယ်ဆိုတာ သိရဖို့ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပြီး မြေစာပြိုကျတဲ့ ရေကန်အတွင်းကနေ ပြန်တက်လာတဲ့ သူတွေလည်း အနည်းငယ်ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၉ ရက် မနက်ပိုင်းကလည်း ဖားကန့်မြို့နယ် မနမှော်မှာ မနက် ၂ နာရီလောက်က မြေစာပစ်ကားတွေ စွန့်ပစ်မြေစာလာသွန်နေချိန် ဘေးဘောင်ပြိုကျပြီး ကားမောင်းသမားနဲ့ ရေမဆေးကျောက်ရှာဖွေသူ ၁၀ ဦးထက်မနည်း ပျောက်ဆုံးခဲ့ပါတယ်။
ဖားကန့်မြို့နယ်မှာ သြဂုတ်လ ၂၀ ရက်နေ့ကစပြီး အင်တာနက်ဖြတ်တောက်ခံထားရပါတယ်။