ပဲခူးတိုင်းအနောက်ခြမ်း၊ မင်းလှမြို့မှာ ဒီဇင်ဘာ ၂၂ ရက်နေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က စတိုးဆိုင်ပိုင်ရှင်လူငယ် ၁ ဦးကို စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီး ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်။
ဖမ်းဆီးခံရသူဟာ မင်းလှမြို့၊ ဗိုလ်ရုံတန်းလမ်းမှာ လပြည့်ဝန်း ဖက်ရှင်နဲ့ စတိုးဆိုင်ဖွင့်လှစ်ထားတဲ့ ကိုခန့်သူရကျော် (ခ) ကိုခန့် ဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူတွေက ပြောပါတယ်။
“ကိုခန့်ကို နေ့လယ်ပိုင်းလောက်က လာဖမ်းသွားတာ၊ တိုင်တဲ့သူရှိလို့တဲ့။ ကိုခန့်က ဘာမှမလုပ်ဘူး၊ ဆိုင်မှာပဲ အမြဲရှိနေတဲ့သူ။ ညနေပိုင်းမှာတော့ သူကိုင်တဲ့ဖုန်းကို စစ်သားနဲ့ရဲတွေက လာရှာပြီး ယူသွားတယ်။”
ကိုခန့်သူရကျော်ကို မင်းလှမြို့နယ်၊ မြို့မရဲစခန်းမှာ ဖမ်းဆီးစစ်ဆေးနေတယ်လို့ ရဲစခန်းနဲ့ နီးစပ်သူတွေဆီက သိရပါတယ်။
“သူက facebook မှာ စစ်ကောင်စီနဲ့ပတ်သက်တဲ့ ဟာသလေးတွေ တင်တတ်တယ်။ သူ့ အကောင့်ကို စစ်ကောင်စီရဲ့ ဒလန်က ဝင်ဝင်ကြည့်ပြီး တိုင်တာလို့လည်း ကြားနေတယ်” လို့ မြို့ခံတဦးက ပြောပါတယ်။
ကိုခန့်သူရကျော် ဖမ်းဆီးခံရတာနဲ့ပတ်သက်ပြီး အသေးစိတ်သိရှိနိုင်ဖို့ ဒီဗွီဘီက မင်းလှမြို့မရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ “ဟုတ်ကဲ့ စစ်ဆေးနေပါတယ်” လို့သာ တာဝန်ကျရဲတဦးက ပြန်လည်ဖြေကြားပါတယ်။
စစ်ကောင်စီအနေနဲ့ သူတို့ခန့်ထားတဲ့ ဒလန်တွေဟာ နာမည်နဲ့ နေရာရလိုမှုနဲ့ ပြည်သူတွေရဲ့ သတင်းတွေကို လုပ်ကြံပြီး စစ်ကောင်စီကို တိုင်တန်းနေတာဟာ အလွန်ဆိုးရွားတဲ့ လုပ်ရပ်တွေ ဖြစ်နေတယ်လို့ ဒေသခံတွေက သုံးသပ်ပြောဆိုနေကြပါတယ်။