ဧရာဝတီတိုင်း၊ ဖျာပုံအကျဉ်းထောင်မှာ နိုင်ငံရေးအကျဉ်းသားတယောက်ရဲ့ ပေါင်မှာထည့်ထားတဲ့ စတီးရိုးကျိုးနေတဲ့အတွက် ဆေးကုသဖို့ လိုအပ်နေပေမဲ့ အကျဉ်းထောင်က ခွင့်မပြုဘူလို့ သိရပါတယ်။
ဖျာပုံအကျဉ်းထောင်မှာ ပုဒ်မ ၅၀၅ (က)နဲ့ ဖမ်းဆီးခံထားရတဲ့ ကိုဇော်မိုးဟာ ပေါင်မှာထည့်ထားတဲ့ စတီးရိုး ကျိုးခဲ့တာကြောင့် ရုံးချိန်းကို လူနာတင်ကတ်နဲ့ ထုတ်နေရတာ ၅ လကျော်ပြီလို့ ဖျာပုံအကျဉ်းထောင်အသိုင်းအဝိုင်းက သိရပါတယ်။
“စတီးရိုးကျိုးနေတာကို ဆေးကုသခွင့်မပေးဘဲ ရဲတွေက လူနာတင်ကတ်နဲ့မပြီး ရုံးထုတ်နေတာ စတီးရိုးက ထောင်ထဲရောက်မှ ကျိုးတာ မတ်တတ်ရပ်လို့ မရတော့ဘူး လမ်းလျှောက်လို့လည်း မရဘူး ပက်လက်နေရတာ” လို့ အကျဉ်းထောင်နဲ့နီးစပ်သူတဦးက ပြောပါတယ်။
ပေါင်စတီးရိုး ကျိုးနေတာကြောင့် ၆ လကျော်လောက် ပက်လက်နေနေရတဲ့ ကိုဇော်မိုးဟာ ဆေးကုသခွင့်မရတာကြောင့် တင်းပါး၊ ခါးရိုးနဲ့ ကျောဘက်တွေမှာပါ အနာတွေ ပေါက်လာတယ်လို့ သိရပါတယ်။
ကိုဇော်မိုးကို ပုဒ်မ ၅၀၅(က)နဲ့ ထောင်အချုပ်မှာဖမ်းဆီးထားပြီး ဆေးကုသခွင့်မပေးတာဟာ အကျဉ်းသားအခွင့်အရေးနဲ့ လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေတာသာ ဖြစ်တယ်လို့ ဖျာပုံမြို့ခံ နိုင်ငံရေးတက်ကြွလှုပ်ရှာသူတချို့က သုံးသပ်ပြောပါတယ်။