မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက စွဲဆိုထားတဲ့ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၅၀၅(ခ) အမှုအတွက် အလုပ်နဲ့ ထောင်ဒဏ် ၂ နှစ် အမိန့်ချမှတ်လိုက်တယ်လို့ တရားရုံးနဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဒီဗွီဘီကို ပြောပါတယ်။
ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက အာဏာဖီဆန်ရေး CDM လှုပ်ရှားမှုမှာ နိုင်ငံ့ဝန်ထမ်းတွေ ပါဝင်ပေးဖို့ တိုက်တွန်းခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပုဒ်မ ၅၀၅ (ခ) အမှုဖွင့်ထားတာ ဖြစ်ပါတယ်။
ဒီအမှုအတွက် ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရော ဗဟိုအကျဉ်းထောင်ရှိ အထူးတရားရုံးမှာ ဒီဇင်ဘာ ၁၇ ရက်နေ့က အလုပ်နဲ့ ထောင်ဒဏ် အမိန့်ချမှတ်ခဲ့တာ ဖြစ်ပါတယ်။
အာဏာသိမ်း စစ်ကောင်စီဟာ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို ပုဒ်မ ၅၀၅(ခ) အပြင် တာဝန်ယူစဉ် လုပ်ပိုင်ခွင့်ကို အသုံးပြုပြီး စီးပွားရေး လုပ်ငန်းရှင်တွေဆီက ငွေကြေး ရယူခဲ့တယ်လို့စွပ်စွဲပြီး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၅ နဲ့ အမှု ၉ မှု ဖွင့်လှစ်ထားပါတယ်။
လက်ရှိမှာတော့ ဝန်ကြီးချုပ် ဒေါက်တာအေးဇံကို စစ်ကောင်စီက ကျိုက်မရောဗဟိုအကျဉ်းထောင်မှာ ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
မွန်ပြည်နယ်မှာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ရက်က ဖမ်းဆီးခံ NLD ပါတီ သထုံမြို့နယ် ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဒေါ်မာမာခိုင်ကိုလည်း စစ်ကောင်စီက ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲပြီး အလုပ်နဲ့ ထောင်ဒဏ် ၁ နှစ် အမိန့်ချမှတ်ထားပါတယ်။