ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကွတ်ခိုင်မြို့အနီးမှာ ဒီဇင်ဘာ ၁၈ ရက် ည ၇ နာရီလောက်က ကေအိုင်အေ၊ PDF ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
“ည ၆ နာရီ ၅၀ မိနစ်လောက်ကစ ကွတ်ခိုင်မှာ လက်နက် အကြီး အသေး နှစ်ဘက် ပစ်ခတ်သံတွေ ဆူညံနေတယ်။ တိုးဂိတ်ဝန်းကျင်နဲ့ လွယ်အွန် စဖြူးဘက်ခြမ်းလို့ ထင်တယ်။ ၇ နာရီ ၁၀ မိနစ်လောက်ထိ။ ဗျူဟာကုန်းဘက်လည်း ကြားတယ်။ ရပ်ကွက် ၁ မှာ” လို့ ဒေသခံတဦးက ပြောပါတယ်။
ကေအိုင်အေ တပ်မဟာ ၆ တပ်ရင်း ၉ နဲ့ PDF ပူးပေါင်းပြီး ကွတ်ခိုင် စစ်ကောင်စီတပ် ဗျူဟာကုန်းကို သွားရောက်တိုက်ခိုက်ခဲ့ပြီး တချိန်တည်းမှာ Asia World တိုးဂိတ်ကိုလည်း ကေအိုင်အေက ပစ်ခတ် တိုက်ခိုက်ခဲ့ကာ ပြန်လည်ဆုတ်ခွာသွားရာ စစ်ကောင်စီတပ်က ပြန်လည်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
“ကွတ်ခိုင်မှာ တိုက်ပွဲဖြစ်နေတယ်။ အေးရှားဝေါ တိုးဂိတ်ကို လာပစ်တယ်။ အဲမှာ မီးလှုံနေကြတာကို လာပစ်တာ။ တော်တော်ဆိုးတယ်၊ ကျည်ဆန်တောင် လွင့်လာတယ်။ အဲဒီမှာ စစ်သားတွေ ရှိတယ်လေ” လို့ ဒေသခံက ပြောပါတယ်။
Asia World တိုးဂိတ်က ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရတာကြောင့် ဆေးရုံကို ပို့ဆောင်ခဲ့တယ်လို့ ကူညီရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ EAO ပူးပေါင်းအဖွဲ့တွေက ကွတ်ခိုင်မြို့၊ ရပ်ကွက် ၁ အတွင်းရှိ စစ်ကောင်စီ တပ်ရင်း ၁ ခုကို အပြင်းအထန် တိုက်ခိုက်ခဲ့ပြီး ကွတ်ခိုင်နဲ့ တာမိုးညဲ နယ်နိမိတ်ကြားရှိ နမ့်မလန် တောင်ကြားလမ်းကနေ ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ရင်း အင်အား ၈၀ ခန့်ကို သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောက်ကျားအဖွဲ့ ၃ နှင့် EAOs တို့ပူးပေါင်းတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်တွေ နမ့်စလပ်ဘက်သို့ ဆုတ်ခွာသွားကြောင်း သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
ကွတ်ခိုင်မြို့နယ်အတွင်းမှာ စစ်ကောင်စီ လက်အောက်ခံ ပြည်သူ့စစ်တပ်ဖွဲ့၊ TNLA မြောက်ပိုင်းမဟာမိတ်အဖွဲ့၊ ကေအိုင်အေအဖွဲ့တို့ လှုပ်ရှားသွားလာနေတာဖြစ်ပြီး စစ်ကောင်စီတပ်နဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေ မကြာခဏ ထိတွေ့ တိုက်ပွဲဖြစ်ပွားနေတာပါ။