ဧရာဝတီတိုင်း၊ ကျုံပျော်မြို့နယ်မှာ ဒီဇင်ဘာ ၁၈ ရက် မနက်အစောပိုင်းက စစ်တပ်ပိုင် မိုင်တဲလ် တာဝါတိုင် မိုင်းခွဲခံခဲ့ရပါတယ်။
ချင်းယာကျေးရွာအုပ်စု၊ ဂျုံးဂျုံးကျကျေးရွာအနီးမှာရှိတဲ့ မိုင်တဲလ်တာဝါတိုင်ကို မနက် ၃ နာရီ လောက်မှာ မိုင်းခွဲဖျက်ဆီးခဲ့တာလို့ မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင်တဦးက ပြောပါတယ်။
“တာဝါတိုင်အောက်ခြေက စက်တွေနဲ့ ဝါယာလိုင်းတွေတော့ ပျက်စီးသွားတယ်။ လုပ်တာတော့ တခြား မိတ်ဖက်အဖွဲ့တွေနဲ့ ပေါင်းလုပ်တာ”လို့ ပြောပါတယ်။
တာဝါတိုင်မိုင်းခွဲခံရပြီး မနက်ပိုင်းမှာ စစ်ကောင်စီတပ်သားတွေက ရွာကိုဝင်ရောက်ပြီး စစ်ဆေးခဲ့သလို မြို့အဝင် အထွက်လမ်းတွေမှာလည်း ပိတ်ဆို့စစ်ဆေးတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ကျုံပျော်မြို့မှာတော့ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်အုပ်စုပိုင် မိုင်တဲလ်တာဝါတိုင် မိုင်းခွဲဖျက်ဆီး ခံရတာ ၅ ကြိမ်လောက်ရှိပြီဖြစ်ပါတယ်။