စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့မှာ ဒီဇင်ဘာ ၁၇ ရက် မနက်ပိုင်းက ဆိုင်ကယ် ၂ စီးနဲ့ စျေးဝယ်ထွက်လာတဲ့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင် ၄ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
“တန့်ဆည်မြို့တော်ခန်းမနဲ့ စာကြည့်တိုက်အကြားမှာ မိုင်းဆွဲတိုက်ခိုက်လိုက်လို့ ရဲလေးယောက် အပြင်းအထန်ဒဏ်ရာ ရသွားကြတယ်။ ကျနော်တို့ ရဲဘော်တွေ လုံခြုံတဲ့နေရာ အမြန်ရှောင်လိုက်ရလို့ ရဲ ၄ ယောက် သေ၊ မသေအတည်မပြုနိုင်ဘူး” လို့ Phoenix Defence Force – Taze (တန့်ဆည်မီးငှက်) အဖွဲ့တာဝန်ခံက ပြောပြပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ၄ ယောက်စလုံး ထိခိုက်ဒဏ်ရာရရှိခဲ့တာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ရဲတပ်ဖွဲ့ကိုတော့ ဆက်သွယ်မေးမြန်းနိုင်ခြင်းမရှိသေးပါဘူး။
ဒီဇင်ဘာ ၁၂ ရက်ကလည်း တန့်ဆည်မြို့၊ ရွှေဒေါင်းမင်းဆီဆိုင်နားမှာ စစ်ဆေးရေး လုပ်ပြီးပြန်လာတဲ့ စစ်ကောင်စီတပ်သားတွေ မိုင်းခွဲတိုက်ခိုက်ခံရလို့ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦး သေဆုံးသွားပြီး အများအပြားဒဏ်ရာရရှိသွားကြပါတယ်။
မကွေးတိုင်း၊ မင်းဘူး-စကုမြို့နယ်၊ ကုန်းသာကျေးရွာအနီးမှာတော့ စစ်လက်နက်စက်ရုံကို သွယ်တန်းတဲ့ လျှပ်စစ်ဓာတ်အားပေးတိုင်တတိုင် ဒီဇင်ဘာလ ၁၈ ရက် ဒီနေ့ မနက် ၅ နာရီဝန်းကျင်က ဖောက်ခွဲဖျက်ဆီးခံခဲ့ရပါတယ်။
မင်းဘူး-စကု PDF ဘီလူးစစ်ဆင်ရေးအထူးတပ်ဖွဲ့တာဝန်ခံက “အဲဒီတာဝါတိုင်ကို ဒီနေ့မနက်ပိုင်းမှာ ပြင်းအားမြင့်မိုင်းတလုံးနဲ့ ဖောက်ခွဲခဲ့တာ၊ တိုင်ပျက်စီးသွားပြီး သူတို့စက်ရုံလည်း မီးပျက်သွားတယ်” လို့ပြောပါတယ်။
ပြည်သူလူထုအနေနဲ့ စစ်ကောင်စီတပ်တွေနဲ့ ဝေးဝေးနေကြဖို့၊ သူတို့နဲ့ ပတ်သက်ဆက်နွှယ်တဲ့ နေရာတွေမှာ သွားလာတာရှောင်ကြဉ်ကြဖို့ မင်းဘူး-စကု PDF က ထုတ်ပြန်ထားပါတယ်။