နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ ဒီဇင်ဘာ ၁၇ ရက် ရုံးထုတ်မှာ ထောင်ဝတ်စုံ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံခြည်ကိုဝတ်ဆင်ထားတယ်လို့ တရားရုံးနဲ့နီးစပ်သူတွေဆီက သိရပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂ္ဂိုလ်ကို စွဲဆိုထားတဲ့ အဂတိအမှုတွေထဲက တက္ကသိုလ်ရိပ်သားလမ်း နေအိမ်အနီး ပုရဝုဏ်အသုံးပြုမှုနဲ့ပတ်သက်တဲ့အမှုကို ဒီနေ့ နေပြည်တော် ဇမ္ဗူသီရိအထူးတရားရုံးမှာ ဆက်လက်စစ်ဆေးခဲ့တာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ ထူးခြားချက်အနေနဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်ဟာ ထောင်ဝတ်စုံ အဖြူရောင်အင်္ကျီနဲ့ အညိုရောင်လုံခြည်ကို ဝတ်ဆင်ထားပြီး အမှုအတွဲခံထားရတဲ့ဒေါက်တာမျိုးအောင်ဟာ ထောင်ဝတ်စုံ အပြာရောင်ဝတ်ဆင်ထားပြီးတရားရုံးကို တက်ရောက်ခဲ့ပါတယ်။
ထောင်ဝတ်စုံတွေကို ထောင်အာဏာပိုင်တွေက ပေးပို့ပြီးဝတ်ဆင်စေခဲ့တာကြောင့် ခေါင်းဆောင်တွေဟာ ထောင်ဝတ်စုံတွေကို ဝတ်ဆင်ခဲ့ရတာဖြစ်ပါတယ်။
ဒီနေ့ရုံးချိန်းမှာ မန္တလေးတိုင်းတရားရုံးချုပ် တရားသူကြီး ဦးမြင့်စန်းက ဦးဆောင်စစ်ဆေးခဲ့ပြီး တရားလိုပြသက်သေ ၂ ဦးက ထွက်ဆိုချက်တွေပေးခဲ့တယ်လို့ သိရပါတယ်။ ကျန်အဂတိအမှုတွေကို စစ်ဆေးဖို့တရားရုံးက ခေတ္တဆိုင်းငံ့ထားပြီး ၂၀၂၂ ဇန်နဝါရီ ၇ ရက်နေ့မှာ ရုံးချိန်းပြန်ခေါ်ထားပါတယ်။
အဲ့ဒီနေ့ကြရင် အမှုနံပတ် ၃နဲ့ ၄ ကို ဆက်လက်ကြားနာမယ်လို့ တရားရုံးက စီစဉ်ထားပါတယ်။
ဒီဇင်ဘာ ၆ ရက်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ဇမ္ဗူသီရိတရားရုံးက ၅၀၅(ခ)အမှုအတွက် ထောင်ဒဏ် ၂ နှစ်၊ သဘာဝဘေးပုဒ်မအတွက် ထောင်ဒဏ် ၂နှစ် စုစုပေါင်း ထောင်ဒဏ် ၄ နှစ်ချမှတ်ခဲ့ပေမယ့် အဲ့ဒီနေ့ ညနေပိုင်းမှာပဲ ထောင်ဒဏ် ၄ နှစ်ကနေ ၂နှစ်ကို လျှော့ချပြီး သက်သာခွင့်ပေးတယ်လို့ ကြေညာခဲ့ပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ကို စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းကနေ ဒီနေ့အထိ အမှု ၁၃ မှုနဲ့တရားစွဲခဲ့တာဖြစ်ပြီး အဲ့ဒီအထဲက ၂ မှုကို ပြစ်ဒဏ်ချမှတ်ပြီးဖြစ်ပါတယ်။