ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ နမ့်ပူကျေးရွာအုပ်စုနဲ့ မနီးမဝေး သံလွင်ရွာဘက်မှာ စစ်ကောင်စီဘက်က ဒီကနေ့ ဒီဇင်ဘာလ ၁၇ ရက် မွန်းလွဲ ၁ နာရီလောက်မှာ လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရွာသားတွေက ပြောပါတယ်။
ရွာရဲ့ မလှမ်းမကမ်းလောက်မှာ ကိုးကန့်တပ်ဖွဲ့ တပ်စွဲထားတာကြောင့် ဗုံးကြဲတာမျိုး ဖြစ်နိုင်ပြီး ဗုံးကြဲခဲ့တဲ့နေရာမှာ ရွာသားတွေနေထိုင်ရာနဲ့ အနီးဝန်ကျင်မှာ ရှိတာကြောင့် ဒေသခံတွေ ဗုံထိမှန်မှာကို စိုးရိမ်နေကြပေမဲ့ ထိခိုက်မှု မရှိသေးဘူးလို့ ပြောပါတယ်။
မနေ့ မနက်ပိုင်းကလည်း နူတ်ဂူတ်ရွာအနီး တောင်ကြောမှာ စစ်ကောင်စီ ကိုးကန့်တပ်မတော်(MNDAA)တို့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ပါတယ်။
ဒါ့အပြင်တိုက်လေယာဉ်နဲ့ပါ ဗုံးကြဲတိုက်ခိုက်တာကြောင့် နမ့်ပူကျေးရွာအုပ်စုအနီးဝန်းကျင်က ဒေသခံရွာသားတချို့ ထွက်ပြေးတိမ်းရှောင်နေရတယ်။
စစ်ကောင်စီဟာ ဒီဇင်ဘာလ ၁၅ ရက်က မြောက်ပိုင်းမဟာမိတ်အဖွဲ့ ၇ ထဲက ၆ ဖွဲ့ရဲ့ ကိုယ်စားလှယ်တွေနဲ့ စစ်ကောင်စီ ကိုယ်စားလှယ်အဖွဲ့တို့ မိုင်းလားမှာ တွေ့ဆုံ ဆွေးနွေးခဲ့တာမျိုး ရှိခဲ့ပြီး သတင်းထုတ်ပြန်တာမျိုးတော့ မရှိခဲ့ပါဘူး။