ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ စီတာပူမနောကွင်း တိုက်တန်းရှေ့က ဖြတ်မောင်းလာတဲ့ ကားတစ်စီးကို ဒီဇင်ဘာ ၁၆ ရက်နေ့ ည ၉ နာရီလောက် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မျက်မြင်တစ်ဦးက “မနေ့ည ကျနော်တို့အိမ်နားမှာတင် ဖြစ်သွားတာပါ။ ကားတစ်စီးဖြတ်လာတော့ ရပ်ဆိုပြီး စပစ်နေကြတယ်။ သေနတ်သံ အချက် ၃၀ လောက်ရှိမယ်။ ပြီးတော့ ဆိုင်ကယ်တွေကိုလည်းတားပြီး မသွားခိုင်းဘူး၊ ပြန်လှည့်ခိုင်းတယ်” လို့ ပြောပါတယ်။
မြစ်ကြီးနားမြို့ခံတစ်ဦးက "ကျမတို့ ၇ နာရီလောက်မှာ မုန့်စားထွက်လာ ချိန်ကတည်းက ဟလ်လီကော်ပတာ အသံလည်း ကြားရတယ်။ ပြီးတော့ မနောကွင်းရှေ့သစ်ပင်ကြီး အရိပ်အောက်မှာလည်း စစ်ကားတွေနဲ့ စစ်သားတွေအပြည့်စောင့်နေတယ်။ ၉ နာရီလောက်မှာတော့ မနောကွင်းရှေ့ဖြတ်လာတဲ့ ကားတစ်စီးကို ပစ်ခတ်လိုက်တယ်”လို့ ပြောပါတယ်။
မနောကွင်းရှေ့မှာ ဒီဇင်ဘာ ၁၇ ရက်နေ့ညပိုင်း ပြည်နယ်အဆင့် ညစာစားပွဲရှိတာကြောင့် လုံခြုံရေး တင်းကြပ်ထားတာဖြစ်ပြီး လုံခြုံရေးအရ စစ်ဆေးမခံတာကြောင့် ပစ်ခတ်ခဲ့တာဖြစ်ပြီး ကားကတော့ မောင်းပြေးသွားပြီး ထိခိုက်ဒဏ်ရာရတာတော့ မရှိဘူးလို့ မြစ်ကြီးနားမြို့နေ လူငယ်တစ်ဦးက ပြောပါတယ်။
NUG အစိုးရ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ တူးခေါင်ရဲ့ နေအိမ်ကို မနေ့ နေ့လယ်ပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်တွေ လာရောက် ချိတ်ပိတ်ခဲ့တယ်လို့ ရပါတယ်။
မြစ်ကြီးနားမြို့မှာ ဒီဇင်ဘာ ၈ ရက်နေ့ညက Mytel တာဝါတိုင်မိုင်းခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။