သြစတြေးလျနိုင်ငံသား စီးပွားရေးပညာရှင် ပါမောက္ခ ရှောင်တာနယ်လ်အမှုကို ဒီဇင်ဘာ ၁၆ ရက် ဒီကနေ့ ဇမ္ဗူသီရိ အထူးတရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့တယ်လို့ တရားရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းကနေ စုံစမ်းသိရပါတယ်။
ဒီနေ့ရုံးချိန်းမှာ စစ်ကောင်စီကနေ ရှောင်တာနယ်လ်အပေါ် စွဲဆိုထားတဲ့အမှု နှစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက်အက်ဥပဒေပုဒ်မ ၃ (၁) (ဂ) နဲ့ လူဝင်မှုကြီးကြပ်ရေး ဥပဒေတို့အနက် လူဝင်မှုကြီးကြပ်ရေးဥပဒေနဲ့ စွဲဆိုထားတဲ့ အမှုကိုသာ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။
တရားရုံးနဲ့နီးစပ်သူတစ်ဦးက “မစ္စတာရှောင်တာနယ်လ်အမှုက လဝက အက်အမှုက လိုပြသက်သေတစ်ယောက်စစ်ဆေးခဲ့တယ်။ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်အက်အမှုက စွပ်စွဲခံရသူ ငါးဦးထဲက တစ်ဦးနေမကောင်းဖြစ်နေလို့ ဒီနေ့မစစ်ဆေးဖြစ်ဘူး” လို့ ပြောပါတယ်။
ဒီနေ့ရုံးချိန်းမှာ မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်အက်ဥပဒေအမှုမှာ အမှုတွဲအဖြစ် တရားစွဲဆိုခံထားရသူ ငါးဦးထဲက ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)မှာ နေကောင်းဖြစ်နေတယ်လို့ အဆိုပါတရားရုံးနဲ့နီးစပ်သူက ပြောပါတယ်။
မစ္စတာရှောင်တာနယ်လ်အမှုမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဦးစိုးဝင်း(စီမံ/ဘဏ္ဍာဝန်ကြီး)၊ ဦးဆက်အောင်(စီမံ/ဘဏ္ဍာ/စက်မှုဒုဝန်ကြီး)၊ ဦးကျော်ဝင်း (စီမံ/ဘဏ္ဍာဝန်ကြီးဟောင်း) တို့လည်း အမှုတွဲအဖြစ် တရားစွဲခံထားရပါတယ်။
အမှုနှစ်ခုလုံးအတွက် နောက်ထပ်ရုံးချိန်းကို ဒီဇင်ဘာလ ၂၃ ရက်နေ့ ပြန်ချိန်းလိုက်တယ်လို့ သိရပါတယ်။