ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ် ကုန်းပြင်ကျေးရွာမှာရှိတဲ့ နယ်မြေရဲစခန်း ဒီဇင်ဘာလ ၁၅ ရက်နေ့ ညပိုင်းမှာ မီးရှို့ခံခဲ့ရတယ်လို့ သိရပါတယ်။
ကုန်ပြင်နယ်မြေရဲစခန်းမှာ ည ၈ နာရီခွဲလောက်ကစတင်ကာ မီးတောက်တွေထွက်လာတွေ့ရပြီး မီးသတ်ကား ၄ စီးနဲ့ လာရောက် မီးငြှိမ်းခဲ့လို နာရီဝက်အကြာမှာ မီးငြိမ်းသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“မီးက ရှို့မီးဖြစ်ဖို့များတယ်၊ ၇၅ ရာနှုန်းလောက်သေချာပါတယ်၊ ခုတော့ မီးငြိမ်သွားပါပြီ” လို့ မီးငြိမ်းသတ်ရာမှာပါဝင်ခဲ့သူတဦးက ပြောပါတယ်။
မီးလောင်ကျွမ်းမှုနဲ့ပတ်သက်ပြီး ပျက်စီးဆုံးရှုံးမှုအခြေအနေတွေကိုတော့ အတိအကျသိရသေးဘဲ ဒီဗွီဘီက စုံစမ်းမေးမြန်းနေဆဲဖြစ်ပါတယ်။
မီးရှို့ခဲ့သူတွေကို ဖမ်းမမိတာကြောင့် အာဏာသိမ်းစစ်ကောင်စီ တပ်သားတွေနဲ့ ရဲတွေက ကျေးရွာအနီးတဝိုက် ပိတ်ဆို့ရှာဖွေဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။