မြန်မာနိုင်ငံမှာ မတရားအာဏာသိမ်းကာလ ၁၀ လကျော်အကြာ အကြမ်းဖက်စစ်တပ်ရဲ့ ပစ်ခတ်သတ်ဖြတ်မှုကြောင့် အပြစ်မဲ့ကျဆုံးပြည်သူအယောက် ၁၃၄၃ ထိရှိလာပြီလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ)က ထုတ်ပြန်ပါတယ်။
ဒီစာရင်းဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်မှ ဒီဇင်ဘာ ၁၅ ရက်အထိ အေအေပီပီက ကောက် ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြထားပါတယ်။
နွေဦးတော်လှန်ရေးကာလအတွင်း ဒီနေ့အထိ ၈၀၃၄ ယောက် လက်ရှိချုပ်နှောင်ခံထားရဆဲဖြစ်ပြီး အဲဒီထဲက ၃၉၀ ယောက်ကတော့ ထောင်ဒဏ်ချမှတ်ခံထားရပါတယ်။
ပြစ်ဒဏ်ကျခံရသူတွေထဲက အသက် ၁၈ နှစ်အောက် ကလေး ၂ ယောက်အပါအဝင် ၃၆ ယောက်ကတော့ သေဒဏ်ချမှတ်ခံထားရတယ်လို့ ဆိုပါတယ်။
အမှုဖွင့်ခံထားရပြီး ဖမ်းဝရမ်းထုတ်ခံထားရတဲ့အတွက် တိမ်းရှောင်နေသူ အရေအတွက် ကတော့ ၁၉၆၄ ယောက်ရှိနေပြီး သူတို့ထဲက မျက်ကွယ်သေဒဏ်ချမှတ်ခံထားရသူ ၃၉ ယောက်အပါအဝင် ၁၁၈ ယောက်ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံထားရကာ သေဒဏ်ချ မှတ်ခံထားရသူ စုစုပေါင်း ၇၅ ယောက် ရှိခဲ့ပြီဖြစ်ပါတယ်။
ဂရပ်ဖစ်ဒီဇိုင်နာနဲ့ အလွတ်တန်းဓာတ်ပုံသတင်းထောက် တစ်ဦးဖြစ်သူ ကိုစိုးနိုင်ဟာ စစ်အုပ်စုရဲ့ ဖမ်းဆီးခံခဲ့ရပြီးနောက် ဒီဇင်ဘာ ၁၃ ရက်နေ့က စစ်ကြောရေးမှာ ကျဆုံးသွားခဲ့တယ်လို့ သိရှိရပါတယ်။ ကိုစိုးနိုင်ဟာ လသာမြို့နယ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က ပြုလုပ်တဲ့ အသံတိတ်သပိတ်အား ဓာတ်ပုံရိုက်ကူးနေစဉ် ဖမ်းဆီးခြင်းခံခဲ့ရတာဖြစ်ပြီး သူနဲ့အတူ ဓာတ်ပုံသတင်းထောက် ကိုဇော်ထွန်းလည်း ဖမ်းဆီးခြင်းခံခဲ့ရတယ်လို့ သိရှိရပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း စစ်ကိုင်းတိုင်းဒေသကြီး၊ ဒီပဲယင်းမြို့နယ်၊ မှန်သာကျေးရွာက ရွာသား သုံးဦးဖြစ်ကြတဲ့ ကိုထိန်လင်း၊ ကိုဇော်ဇော်အောင်၊ ကိုညိုတုန်း (ခ) ဇော်မျိုးဦးတို့ဟာ စစ်အုပ်စုရဲ့ တပ်တွေ ရွာအတွင်းဝင်လေလို့ ထွက်ပြေးစဉ် လယ်အတွင်း ပစ်သတ်ခံခဲ့ရပါတယ်။ သူတို့ရဲ့ ဦးခေါင်းမှာ သေနတ်ဒဏ်ရာတွေကို တွေ့ရှိရတယ်လို့ သိရှိရပါတယ်။
အရပ်ဘက်အဖွဲ့အစည်းတွေက ခေါင်းဆောင်တွေ၊ အရပ်သားတွေ၊ တက်ကြွလှုပ်ရှားသူ တွေ၊ သတင်းသမားတွေ၊ CDM လှုပ်ရှားနေတဲ့ ဝန်ထမ်းတွေစတဲ့ နယ်ပယ်အသီးသီးမှ ဘယ်သူမဆို ဖမ်းဆီး၊ ထိန်းသိမ်း၊ တရားစွဲဆိုခြင်းခံထားရတာတွေနဲ့ ပတ်သက်လို့ နွေဦး တော်လှန်ရေးကာလအတွင်း ကျဆုံးသွားသူတွေရဲ့ အချက်အလက်တွေကို သိရှိပါက အေ အေပီပီကို ဆက်သွယ်အသိပေး အကြောင်းကြားနိုင်ပါတယ်။
ဒါ့အပြင် ကျဆုံးအချက်အလက်တွေကို ဖော်ပြပါ fatality-data@aappb.org အီးမေးလ်နဲ့ အဖမ်းအဆီးအချက်အလက်တွေကို detention-data@aappb.org အီးမေးလ်တွေဆီလည်း တိုက်ရိုက်ပေးပို့ ဆက်သွယ်အကြောင်းကြားနိုင်ကြောင်း အသိပေးထားပါတယ်။