စစ်ကိုင်းတိုင်း ကလေးခရိုင် မင်းကင်းမြို့နယ် တောင်တွင်းဒေသမှာ ဒီဇင်ဘာ ၁၅ ရက် မနက်ပိုင်းက ဒေသခံ PDF အဖွဲ့နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
PDF(MKPDF) တပ်ရင်း ၂၊ တောင်တွင်း PDF(TPDF) တပ်ခွဲ ၁ နဲ့ စစ်ကောင်စီတပ်တို့ ပိက္ခယားရွာအရှေ့ဘက် ဝက်တိုးစခန်းအနီးမှာ တိုက်ပွဲဖြစ်ပွားခဲ့တာလို့ သိရပါတယ်။
ဒီဇင်ဘာ ၁၅ ရက် မနက် ၈ နာရီလောက်မှာ စစ်ကောင်စီတပ်တွေကို ဒေသခံ PDF အဖွဲ့က တိုက်မိုင်းတွေနဲ့ စတင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်းကျဆုံးခဲ့ပြီး ဒေသခံ PDF အဖွဲ့က အထိအခိုက်မရှိ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့ PDF ခေါင်းဆောင်က ပြောပါတယ်။
တိုက်ခိုက်ခံရအပြီး စစ်ကောင်စီတပ်ဖွဲ့တွေဟာ ဂုဏ်ညင်းကျေးရွာအပါအဝင် လမ်းဘေးဝဲယာမှာရှိတဲ့ အိမ်တွေနဲ့ စျေးဆိုင်တွေကို မီးရှို့ဖျက်ဆီးသွားတယ်လို့လည်း ဆိုပါတယ်။
ဒီဇင်ဘာ ၁၄ ရက်နေ့ကလည်း စစ်ကောင်စီတပ်ဖွဲ့ဟာ လမ်းလုပ်သား ဦးခွန်နောင်နဲ့ သူ့ရဲ့ဇနီးကိုလည်း သတ်ဖြတ်မီးရှို့သွားခဲ့သလို ပြည်သူတွေရဲ့ အိမ်မွေးတိရစ္ဆာန်တွေနဲ့ နေအိမ်တွေကိုလည်း သတ်ဖြတ် မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ မနေ့ညက မင်းကင်းမြို့နယ် တောင်တွင်းဒေသ ကြာပင်အုပ်စု ကျောက်တန်းကျေးရွာမှာ ညအိပ်ရပ်နားခဲ့အပြီး ကလေးမြို့ဘက်ကိုအပြန်မှာ ဒေသခံ PDF အဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။