Home
မြန်မာသတင်း
ကျောက်ဆည်တွင် ၁၅ နှစ်အောက် ကလေးများကို စစ်တပ်ကဖမ်းဆီးပြီး ငွေဖြင့်ပြန်ရွေးခိုင်း
DVB
·
December 15, 2021
267793463_1237075026786505_322346459057701374_n

မန္တလေးတိုင်း၊ ကျောက်ဆည်မြို့နယ်၊ မင်းဝံကျေးရွာက အသက် ၁၅ နှစ်အောက် ကလေးငယ် ၁၀ ဦးကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီး ဒီဇင်ဘာ ၁၄ ရက်နေ့မှာ မိဘတွေက ငွေနဲ့ပြန်ရွေးခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အမည်မဖော်လိုသူတဦးက “ဒီဇင်ဘာ ၁၀ ရက်နေ့ အသံတိတ်သပိတ်နေ့က ကလေးတွေက လက်သုံးချောင်းထောင်လိုင်းပေါ်တင်ခဲ့ပြီးတဲ့နောက် အိမ်တွေကို လာဖမ်းသွားကြတာ။ ဖမ်းဆီးခံရတာ ကလေးငယ် ယောကျ်ားလေး ၆  ယောက်နဲ့ မိန်းကလေး ၄ ယောက်၊ စုစုပေါင်း ၁၀  ယောက်ပေါ့” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ဒီဇင်ဘာ ၁၄ ရက်နေ့၊ နေ့လယ် ၂ နာရီထက် နောက်မကျစေဘဲ ကလေးတွေကို ငွေနဲ့လာရွေးဖို့ ဖမ်းဆီးခံရတဲ့ကလေးတွေရဲ့ အုပ်ထိန်းသူတွေဆီကို ဆက်သွယ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။

“ကလေးတွေကို မနေ့က နေ့လယ် ၂ နာရီမတိုင်ခင် ကလေး ၁ ယောက် ငွေ ၆ သိန်းနဲ့လာရွေးရမယ်။ မဟုတ်ရင် ထောင်ချမယ်လို့ ခြိမ်းခြောက်လို့သွားရွေးရတာ။ စျေးညှိရင်းနဲ့ကလေး ၁ ယောက် ၅ သိန်းနှုန်းနဲ့ သိန်း ၅၀ ပေးမှ ကလေးတွေကို ပြန်လွှတ်ပေးတယ်” လို့ ငွေပေးပြန်ရွေးခဲ့ရတဲ့ မိဘတွေနဲ့နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေ ကလေးငယ်တွေကို ဖမ်းဆီးပြီး ငွေတောင်းခံတဲ့ဖြစ်စဉ်မှာ စစ်ကောင်စီခန့် မင်းဝံကျေးရွာ အုပ်ချုပ်ရေးမှူးဟာ အဓိကပါဝင်သူတဦးဖြစ်တယ်လို့  ဒေသခံကျေးရွာသားတွေက သုံးသပ်ပြောဆိုနေကြပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၂ ရက်နေ့ကလည်း ကျောက်ဆည်မြို့၊ ရဲစုရပ်ကွက်က ယခင်ရပ်ကွက်အုပ်ချုပ်ရေးမှုးဟောင်း ဦးတိုးကို ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်တဲ့ လက်ရှိအုပ်ချုပ်ရေးမှူးက စစ်ကောင်စီကို မဟုတ်မမှန် သတင်းပေးခဲ့တာကြောင့် အကြမ်းဖက်ဖမ်းဆီးခံရသေးတယ်လို့ သိရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024