ရန်ကုန်တိုင်းဒေသကြီး လှိုင်သာယာမြို့နယ် ရွှေလင်ပန်းစျေးအနီးမှာ ဒီဇင်ဘာ ၁၄ ရက် မနက် ၉ နာရီလောက် ဆိုင်ကယ်စီးလာသူ လူငယ်တစ်ဦးကို စစ်ကောင်စီက ကားနဲ့တိုက်ပြီး ဖမ်းဆီခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကားတွေကအိမ်စီးကားတွေ၊ ကားက နှစ်စီး။ အစက ဆိုင်ကယ်နဲ့ ကားတိုက်တယ်ထင်တာ၊ ပြီးမှ ဆိုင်ကယ်ကို တိုက်မိတဲ့ ကားတွေထဲက စစ်သားတွေ ထွက်လာပြီး ဆိုင်ကယ်စီးလာတဲ့ ကလေးကို သူတို့ကားပေါ် ခေါ်တင်ပြီး ထွက်သွားကြတာ” လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
ဘာကိစ္စကြောင့် လိုက်ဖမ်းတယ် မသိပေမယ့် ခုလို ကားနဲ့ တိုက်ဖမ်းတာဟာ မင်းမဲ့စရိုက်တွေ ဖြစ်နေပြီး လမ်းပေါ်မှာ မသွားရဲ၊ မလာရဲအောင် ဖြစ်နေပြီလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့မနက် ၈ နာရီခွဲလောက်ကလည်း ရန်ကုန်၊ ကြည့်မြင်တိုင်မြို့နယ် ပန်းပင်ကြီးလမ်းပေါ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာ ဆန္ဒပြချီတက်လာတဲ့ လူငယ်တွေကို စစ်ကောင်စီတပ်တွေက လူမဆန်ဘဲ ကားနဲ့တိုက်သတ်တာ၊ သေနတ်နဲ့ ပစ်သတ်တာတို့ကြောင့် လူငယ်တချို့ ကျဆုံး ဒဏ်ရာခဲ့ကြပါတယ်။