စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်မှာ ဒီဇင်ဘာ ၁၃ ရက်နေ့က PDF ပူးပေါင်းအဖွဲ့တို့ရဲ့ တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၃ ရက်မနက်ပိုင်းက မုံရွာဘက်ကနေချီတက်လာတဲ့ စစ်ကောင်စီယာဥ်တန်း ၅၀ ကျော်ကို ယင်းမာပင်မြို့နဲ့ လယ်ငေါက်ကျေးရွာအကြားမှာ မိုင်းဆွဲတိုက်ခံရတာဖြစ်ပြီး စစ်ကောင်စီတပ်သား ၃၀ ကျော် သေဆုံးခဲ့တယ်လို့ တိုက်ခိုက်ရေးထဲပါဝင်တဲ့ ဗိုလ်ထွဋ်ခေါင်က ပြောပါတယ်။
လတ်တလောအချိန်ထိ ပွိုင့် ၃ ခုသာ တိုက်ခိုက်ခဲ့ရသေးတာဖြစ်ပြီး ပထမပွိုင့်က ၁၅ ယောက်လောက်ထိမှန်ခဲ့ပြီး၊ ဒုတိယပွိုင့်မှာ ၈ ယောက်လောက်နဲ့ တတိယပွိုင့်မှာ ၁၀ ယောက်ထက်မနည်း ထိမှန်ခဲ့တယ်လို့ ဆိုပါတယ်။
ပထမပွိုင့် နဲ့ ဒုတိယပွိုင့်မှာ စစ်ကောင်စီဘက်က လက်နက်ကြီးသမားတွေ မထိမှန်ခဲ့တာကြောင့် ပြန်လည်ရမ်းသမ်းပစ်ခတ်မှုတွေ ပြုလုပ်ခဲ့ကြပြီး တတိယပွိုင့်မှာတော့ လက်နက်ကြီးသမားတွေပါ ထိမှန်ခဲ့တာကြောင့် ပြန်မပစ်နိုင်ဘူးလို့ ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဟာ လည်ငေါက်ကျေးရွာအနီးမှာ ဆက်ရှိနေတယ်လို့ သိရပါတယ်။
အခုလိုတိုက်ခိုက်မှုကို ယင်းမာပင်မြို့နယ် တပ်ရင်း ၃ နဲ့ တပ်ရင်း ၄ တို့အပြင် မုံရွာဘက်က တပ်ရင်း ၂ အဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။
မိုင်းဆွဲတိုက်ခိုက်ခံရမှုကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ သေဆုံးဒဏ်ရာရတာနဲ့ ပတ်သက်ပြီး ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။