စစ်ကိုင်းတိုင်း အရာတော်မြို့နယ်ထဲက ကျေးရွာ ၂ ရွာကို စစ်ကောင်စီတပ်တွေနဲ့ သူတို့ဩဇာခံ ပျူစောထီးတွေ ဝင်ရောက်မီးရှို့နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
သလဲဘာရွာမှာ တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူးစောထီးတွေဟာ အနားမှာရှိတဲ့ ကဲဘာရွာကို ဒီနေ့မနက်ပိုင်းမှာ ဝင်လာပြီး မီးရှို့တာလို့ ဆိုပါတယ်။
“လက်နက်ကြီးတွေ ပစ်ပြီး ဝင်လာတယ်။ ရွာသားတွေအားလုံးက ရှောင်သွားကြရတာ။ ပြီးတော့ မီးခိုးတွေထွက်လာတာ တွေ့တယ်။ အိမ်ဘယ်လောက် လောင်နေပြီလဲတော့ မသိတော့ဘူး။ အဝေးကပဲ မြင်ရတာ” လို့ ရွာသားတယောက်က ပြောပါတယ်။
သလဲဘာရွာမှာ ကျန်ခဲ့တဲ့ စစ်သားတွေနဲ့ ပျူစောထီးတချို့ကတော့ မူးမြစ်တဖက်ကမ်းက ကျောက်ကုန်းရွာကို သွားပြီး မီးရှို့ကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၁ ရက်ကလည်း စစ်ကောင်စီတပ်နဲ့ ပျူစောထီးတွေဟာ ကျောက်ကုန်းရွာက အိမ်တချို့ကို မီးရှို့ခဲ့ပါသေးတယ်။
ဒီဇင်ဘာ ၈ ရက်နေ့က ကဲဘာရွာနားမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်တို့ တိုက်ပွဲဖြစ်ပြီး ဒီဇင်ဘာ ၆ ရက်ကလည်း သလဲဘာရွာမှာ အခြေစိုက်တပ်စွဲထားတဲ့ စစ်တပ်နဲ့ ပျူစောထီးတို့ကို အရာတော်နဲ့ မြင်းမူ ပြည်သူ့ကာကွယ်ရေးတပ်တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပါတယ်။