ဧရာဝတီတိုင်း၊ မြန်အောင်မြို့နယ်မှာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းက အင်ပင်အထက်တန်းကျောင်းအတွင်းက ဟောခန်း မီးလောင်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။
ကျောင်းဆောင်တွေ အများကြီးရှိတဲ့အထဲက ဟောခန်းမှာ ည ၈ နာရီကျော်လောက် မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး CDM ပြုလုပ်ထားတဲ့ ဆရာ၊ ဆရာမတွေကို စွပ်စွဲဖမ်းဆီးဖို့ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ကျောင်းစောင့်ရှိတယ်၊ ဒါပေမဲ့ မီးလောင်တာကို မသိဘူးဆိုတော့ ဒါမဖြစ်နိုင်ဘူးလေ။ ပြီးတော့ အဲဒီကျောင်းစောင့်က CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမတွေရဲ့ နေအိမ်တွေကို လိုက်ပြပေးနေတာ”လို့ ဒေသခံတဦးက ပြောပါတယ်။
ကျောင်းစောင့်ရဲ့ သတင်းပေးမှုကြောင့် ကျောင်းနားပတ်ဝန်းကျင်မှာ နေထိုင်တဲ့ ပြည်သူ ၇ ဦးလောက်ကိုလည်း စစ်ကောင်စီတပ်သားတွေက လာရောက်ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။
မီးလောင်ကျွမ်းမှုကြောင့် စာသင်ခုံ၊ မျက်နှာကြက်နဲ့ ကျောင်းသုံးပစ္စည်းတွေ ပျက်စီးဆုံးရှုံးခဲ့တာရှိပေမယ့် တန်ဖိုးအတိအကျကိုတော့ မသိရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
မြန်အောင်မြို့မှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စာသင်ကျောင်းမီးလောင်မှု ၄ ကြိမ်ထိ ရှိလာပြီလို့ ဆိုပါတယ်။