မကွေးတိုင်း၊ ရေစကြိုမြို့၊ ချင်းတွင်းမြစ် တဖက်ကမ်းမှာရှိတဲ့ ရေလယ်ကျွန်းကျေးရွာဖြစ်တဲ့ ရွှေလှံကျေးရွာနဲ့ ဆင်ခြေရာကျေးရွာအနီးမှာ စစ်ကောင်စီတပ်က လူနေအိမ်တွေကို မီးရှို့ခဲ့တာကြောင့် နေအိမ် ၅ လုံးမီးလောင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်က ၃ ယောက် ကျဆုံးခဲ့တယ်လို့ ဒေသခံတွေကပြောပါတယ်။
ဒီဇင်ဘာ ၁၁ ရက် ဒီနေ့ အဆိုပါကျေးရွာအနီးမှာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲ ဖြစ်ပွားရာမှာ ကျေးရွာ ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ သိရပါတယ်။
စစ်ကောင်စီဘက်က လက်နက်ကြီးနဲ့ ပစ်ခတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးတာကြောင့် ဆိုင်ကယ် ၄ စီး၊ နွား ၂ ကောင်နဲ့ လူနေအိမ် ၅ လုံး မီးရှို့ဖျက်ဆီးခံခဲ့ရတယ်လို့သိရပါတယ်။
ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေအနေနဲ့ လူအင်အား၊ လက်နက်အင်အားမမျှတာကြောင့် တပ်ဆုတ်ရင်း စနိုက်ပါသေနတ် ကျည်ဆန် ထိမှန်ပြီး PDF ၃ ယောက် ကျဆုံးခဲ့ကာ ၂ ယောက် ဒဏ်ရာရရှိခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ နီးစပ်သူတစ်ဦးကပြောပါတယ်။
“မြောင်ဘက်က တက်လာတာ ဆင်ခြေရာဘက်ရောက်တော့ တိုက်ပွဲစဖြစ်ကြတယ် အင်အားမမျှတော့ နောက်ဆုတ်ရင်း စနိုက်ပါထိမှန်တာရော လက်နက်ကြီးထိမှန်တာရောနဲ့ သုံးယောက်ကျတယ်။ နှစ်ယောက်ဒဏ်ရာရတယ်။ အခုညနေပိုင်းတော့ မြစ်ဆုံဘက်ကို တက်သွားတယ်။ မြစ်ဆုံဘက်က ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ ရွာထဲက အိမ်တွေလည်း မီးရှို့ဖျက်ဆီးသွားတယ်။”
စစ်ကောင်စီတပ်သားတွေ မြစ်ဆုံဒေသဘက်ကို သွားကြတဲ့အချိန်မှာ မီးလောင်နေတဲ့ နေအိမ်တွေကို အနီးနားကျေးရွာတွေက သွားရောက်မီးငြှိမ်းသတ်ပေးခဲ့ကြတာကြောင့် ညနေ ၃ နာရီလောက်မှာ မီးငြိမ်းသွားပါတယ်။
အိမ်မီးရှို့ခံရတဲ့ အမျိုးသမီးတယောက်က “အမေတို့ ထွက်ပြေးလာရတာ အိမ်ပြန်မယ်ဆိုရင်တောင် ပြန်စရာအိမ်မရှိတော့ဘူးကွယ်။ ဒီမှာ ထွက်ပြေးရင်း ခြင်တွေကကိုက် ပုန်းနေရတာလည်း မလွယ်ပါဘူး၊ ရွာမှာ အုံးခွမ်းနဲ့နေတာပဲ။ လာကြတာအိမ်လည်းဒီတိုင်းထားခဲ့ရတာ။ အိမ်လည်း ဘာမှမသယ်နိုင်ပါဘူး။ ဒီတိုင်း ဒီတိုင်းပြေးရတာ ဘာမှမယူနိုင်ဘူး။ တောထဲမယ်ဆိုရင် ပြေးပြေးနဲ့ပြေးကြရတာ။ ကလေးတွေဆိုရင်လည်းအင်္ကျီ လက်ရှည်မပါဘူး။ အပါးလေးတွေနဲ့ တောထဲမှာ လေတွေကတိုက် နှင်းတွေကကျနဲ့ ဒုက္ခများတာပေါ့ “လို့ ပြောပါတယ်။
မြစ်ဆုံဒေသကိုလည်း စစ်ကောင်စီတပ်တွေ ရောက်လာတဲ့ သတင်းကြောင့် ဒီဇင်ဘာ ၁၁ ရက်နေ့ ညပိုင်းအထိ အဆိုပါကျေးရွာတွေက ပြည်သူလူထုတွေ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။