စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ အနောက်ခြမ်း နဂါးတွင်းကျေးရွာမှာ စစ်ကောင်စီတပ်က ရိုက်နှက် သတ်ဖြတ်ခဲ့တဲ့ အမျိုးသား ၆ ယောက်ရဲ့ အလောင်းတွေ့ရှိရပြီး ဒီအထဲက ၃ ယောက်ရဲ့ အလောင်းဟာ လက်ပြန်ကြိုးတုပ် အနေအထားနဲ့ သေဆုံးနေတာကို တွေ့ရတယ်လို့ ရွာသားတွေက ပြောပါတယ်။
အိမ်ခြေ ၅၀၀ လောက်ရှိတဲ့ နဂါးတွင်းကျေးရွာမှာ စစ်ကောင်စီတပ်က ပြီးခဲ့တဲ့ ရက်ပိုင်းကတပ်စွဲပြီး ပြန်လည်ထွက်ခွာသွားချိန် ဒီဇင်ဘာ ၁၁ ရက် ဒီကနေ့ ရွာသားတွေက ရွာထဲကိုပြန်ဝင်ကြည့်ရာမှာ အမျိုးသားအလောင်း ၆ လောင်းတွေ့ရှိခဲ့ရတာလို့ ရွာခံတစ်ယောက်က ပြောပါတယ်။
အဆိုပါ အလောင်း ၆ လောင်းထဲက ၃ လောင်းဟာ လက်ပြန်ကြိုးတုပ် အနေအထားနဲ့ သေဆုံးနေတာဖြစ်ပါတယ်။
နဂါးတွင်းရွာသားတယောက်က "သူတို့တပ်လာကတည်းက ရွာကလူကုန်ထွက်ပြေးကြတာ။ အခုအသတ်ခံရသူတွေက အိမ်ကိုစိတ်မချလို့ နေကြတဲ့သူတွေနဲ့ ကျန်းမာရေးမကောင်းလို့ နေခဲ့တဲ့သူတွေ အသတ်ခံခဲ့ရတာဗျ။ သူတို့ထွက်သွားလည်း ရွာထဲပြန်မဝင်ရဲကြဘူး။ ကင်းပုန်းချန်ထားတယ်ဆိုသလိုလို၊ ဗုံးထောင်ထားခဲ့တာဆိုသလိုလို သတင်းတွေထွက်နေတော့ ချက်ချင်းပြန်မဝင်ရဲကြဘူ။ အခုဒီနေ့မှ ဝင်ရဲလို့ ရွာထဲအရဲစွန့်ဝင်တာ အခုလိုတွေ့ရတာပဲဗျ"လို့ ပြောပါတယ်။
နဂါးတွင်းရွာကနေ ထွက်ခွာသွားတဲ့ စစ်ကောင်စီလမ်းကြောင်းဟာ အင်ဘုတ်ကျေးရွာဘက်ကို ရောက်ရှိနေပြီး အကြမ်းဖက်လုပ်ရပ်တွေ ဆက်လုပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေက ဒီပဲယင်းမြို့နယ် အရှေ့ခြမ်းရော၊ အနောက်ခြမ်းမှာပါ စစ်ကြောင်းထိုးပြီး PDF တွေကို တောနင်းရှာဖွေနေသလို ကျေးရွာတွေကိုလည်း ဝင်ရောက်တပ်စွဲပြီး ဒေသခံတွေရဲ့ နေအိမ်တွေ၊ ပစ္စည်းတွေ ဖျက်ဆီးနေတယ်လို့ ရွာသားတွေက ဆိုပါတယ်။
စစ်ကိုင်းတိုင်းအတွင်း ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက လေယာဉ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံသောင်းချီ စစ်ဘေးရှောင်နေကြရပြီး စားဝတ်နေရေး အခက်အခဲကြုံနေရပါတယ်။