Home
မြန်မာသတင်း
တောင်တွင်းကြီးမြို့က စျေးဆိုင်များကို စစ်တပ်က အဓမ္မပိတ်ခိုင်း
DVB
·
December 11, 2021
266689058_1234674163693258_3204317653134290229_n

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့က စျေးဆိုင်တွေကို ဒီဇင်ဘာ ၁၁ ရက် ဒီနေ့မနက်  စစ်ကောင်စီတပ်သားတွေက အငြိုးတကြီးနဲ့ လိုက်လံပိတ်ခိုင်းနေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

စျေးဆိုင်ပိုင်ရှင်တဦးက ''မနက်က ဆိုင်ဖွင့်ပြီးတော့ ၁၀ နာရီလောက်ရောက်တော့ စစ်သားတွေ အများကြီးရောက်လာပြီး ဆိုင်ဝန်ထမ်းတွေကို ခေါင်းပေါ်လက်တင် တရားခံထိုင်ထိုင်ခိုင်းပြီး မနေ့ကမဖွင့်လို့ ဆိုင်ပိတ်ရမယ်ဆိုပြီး ဇွတ်အတင်းပြောပြီး စျေးဝယ်သူတွေကိုလည်း ပြန်လွှတ်တယ်။ ဆိုင်ကပစ္စည်းတွေလည်း သိမ်းမယ်ပြောသွားတယ်။ ဆိုးလွန်းပါတယ်'' လို့ ပြောဆိုပါတယ်။

ဒီဇင်ဘာ ၁၀ ရက်က မဖွင့်တဲ့စျေးဆိုင်တွေကို စစ်ကောင်စီက ကိုဗစ်-၁၉ ကို အကြောင်းပြကာ တချို့ဆိုင်တွေကို ၇ ရက်နဲ့ တချို့ဆိုင်တွေကို ၁ လအထိ ပိတ်သိမ်းခိုင်းနေတယ်လို့ စျေးဆိုင်ပိုင်ရှင်တွေဆီကသိရတဲ့အတွက် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးကို ဆက်သွယ်မေးမြန်းခဲ့ရာ ဖြေဆိုဖို့ငြင်းဆန်ခဲ့ပါတယ်။

ဒီမနက်ပိုင်းကလည်း တောင်တွင်းကြီးမြို့မစျေးကို သုံးဘီးဆိုင်ကယ်တွေနဲ့ လာရောက်စျေးရောင်းချတဲ့ ခေါင်းရွက်ဗျပ်ထိုး စျေးသည်တွေကိုလည်း မြို့ထဲကိုမဝင်နိုင်အောင် အကြမ်းဖက်စစ်ကောင်စီတပ်သားတွေက ပိတ်ဆို့ဟန့်တားထားတယ်လို့သိရပါတယ်။

''မနက် ၆ နာရီလောက် စျေးရောင်းလာတဲ့ စျေးသည်တွေ မြို့ထဲကို မဝင်ရလို့ မြို့အဝင်မှာတန်းစီနေရတယ်။ တချို့လည်းပြန်သွားကြတယ်'' လို့ မျက်မြင်ဒေသခံတဦးက ပြောဆိုပါတယ်။

စစ်တပ်က လက်ဖက်ရည်ဆိုင်တွေထဲကိုလည်း ဝင်ရောက်ပြီး ဆိုင်ထဲထိုင်နေတဲ့ ပြည်သူတွေရဲ့ဖုန်းတွေကို ယူဆောင်သွားကာ  ဂိမ်းဆော့နေတဲ့ကလေးတယောက်ကို  ရိုက်နှက် ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတွေက ပြောပြကြပါတယ်။

ဝါရင့်နိုင်ငံရေးသမားတဦးက ''မနေ့က အသံတိတ်သပိတ်မှာ ပြည်သူအားလုံးပါဝင်ဆင်နွှဲကြတာကို အကြမ်းဖက်စစ်ကောင်စီက မကျေနပ်လို့ အငြိုးတကြီးနဲ့ ပြည်သူကို လက်နက်အားကိုးပြီး ဖိနှိပ်နေတာပဲ။ ၂၀၂၁ ဆိုတာ ၈၈ လိုမဟုတ်ဘူးဆိုတာ ဒီကောင်တွေနားမလည်ဘူးကွ။ ဘယ်နားလည်မလဲ မင်းအောင်လှိုင်အပါအဝင် နောက်လိုက်အားလုံးက ပညာမှ မတတ်ကြတာတာကိုကွ'' လို့ ပြောပြပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ မြန်မာစစ်တပ်ကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက အမြန်ဆုံးသတ်မှတ်ပေးကြဖို့ တိုက်တွန်းတယ်လို့ ဗိဿနိုးပြည်သူ့ကာကွယ်ရေးတပ်မတော်က CDM ဗိုလ်ကြီးတဦးကလည်း ပြောပါတယ်။

ဒီဇင်ဘာ ၁၀ ရက် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ မှာ မြန်မာနိုင်ငံတဝန်း ဈေးတွေ၊ ဆိုင်တွေပိတ်ပြီး ပြည်သူတွေက အိမ်အပြင်မထွက်ဘဲ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒထုတ်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024