မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းကျေးရွာတွေဖြစ်တဲ့ ဆင်ခြေရာနဲ့ ရွှေလှံကျေးရွာတွေမှာ စစ်ကောင်စီတပ်က လက်နက်ကြီးငယ်တွေနဲ့ ပစ်ခတ်ပြီး လူနေအိမ်တွေကို မီးရှို့ဖျက်ဆီးနေ တယ်လို့ ဒေသခံ ရွာသားတွေက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ ဒီဇင်ဘာ ၁၁ ရက် မနက်ပိုင်းက ရေလယ်ကျေးရွာတွေထဲ ပြန်လည်ဝင်ရောက်လာပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်နေကာ နေ့လယ် ၁၂ နာရီခွဲလောက်က စတင်ကာ နေအိမ်တွေကို မီးရှို့နေတာလို့ ကျေးရွာဒေသခံတွေဆီက သိရပါတယ်။
“မနက် ၉ နာရီလောက်က စပြီး သူတို့ ရောက်လာကြတယ်။ ရွာအရှေ့ဖျားက နန်းတော်နားမှာ လှုပ်လှုပ်ရှားရှားနဲ့ လုပ်နေကြပြီးတော့ ဆိုင်ကယ်တွေနဲ့ ရွာထဲကိုပတ်နေတာ တဖက်ကလည်း လက်နက်ကြီးတွေနဲ့ ပစ်နေတာ။ ညက ဆင်ခြေယာဘုန်းကြီးကျောင်းက တပ်စွဲတာကို လက်မခံတော့ ရွာထဲက အိမ်တွေမှာတပ်စွဲထားကြတာ။ မီးရှို့တာကတော့ ဘာလို့ ရှို့တာလဲ မသိဘူး။ ကျနော်တို့လည်း အဝေးကပဲ လှမ်းကြည့်နေနိုင်တယ် ရွာထဲ မပြန်ရဲသေးဘူး”လို့ ကျေးရွာဒေသခံတစ်ဦးက ဆိုပါတယ်။
ဒေသခံတွေအနေနဲ့ ထွက်ပြေးတိမ်းရှောင်နေကြရပြီး အသက်ကြီးရွယ်အိုတွေသာ ကျန်ရှိခဲ့ချိန်မှာ စစ်ကောင်စီတပ်က အခုလို နေအိမ်တွေကို မီးရှို့ဖျက်ဆီးနေတာဖြစ်တယ်လို့ ဆိုပါတယ်။
ဆင်ခြေရာကျေးရွာနဲ့ ရွှေလှံကျေးရွာက နေအိမ်တွေကို ဒီဇင်ဘာ ၁၁ ရက် မွန်းလွဲ ၁ နာရီအထိ ဆက်လက်မီးရှို့နေပြီး နေအိမ်အလုံးရေ ဘယ်လောက်အထိ မီးရှို့ခံထားရပြီးဖြစ်တယ်ဆိုတာကို မသိရသေးဘူးလို့ ဒေသခံ PDF အဖွဲ့ဝင်တွေဆီက သိရပါတယ်။