ရှမ်းပြည်နယ် မြောက်ပိုင်း၊ မူဆယ်မြို့နယ် စည်ပင်သာယာရုံး ဒီနေ့ နေ့လယ် ၁ နာရီလောက် ဗုံးခွဲ တိုက်ခိုက်ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
မူဆယ်မြို့ရှိ မူဆယ်ဈေးက ဈေးဆိုင်တွေ ဒီနေ့ ဒီဇင်ဘာ ၁၀ ရက်နေ့ နိုင်ငံတကာလူ့အခွင့်အရေးနေ့မှာ ခိုင်လုံတဲ့ အကြောင်းပြချက်မရှိဘဲ ဈေးမရောင်းချပါက စည်ပင်ဈေးစည်းကမ်းဥပဒေအရ ၁ လ ယာယီပိတ်သိမ်းသွားမယ်လို့ လိုက်လံအသိပေးကြေညာပြီးနောက် အခုလို ဗုံးခွဲတိုက်ခိုက်ခံရတာလို့ ဒေသခံတဦးက ပြောပါတယ်။
"မူဆယ် စည်ပင်ရုံး ဗုံးခွဲခံရတယ်။ ဝန်ထမ်း အမျိုးသမီး ၂ ဦး ထိခိုက်ဒဏ်ရာတယ်လို့ သိရတယ်။ နေ့လည် ၁ နာရီလောက်မှာ။"
ငြိမ်းသက်ခြင်းသပိတ် Silent Strike မှာ ပါဝင်ပြီး ပိတ်ထားတဲ့ မူဆယ်အမှတ် ၁ စည်ပင်ဈေးအတွင်းက ဈေးဆိုင်ခန်းတွေကို စည်ပင်က ၁ လ ထပ်မံပိတ်သိမ်းသွားမှာဖြစ်ကြောင်း ဆိုင်ရှင်တွေကို ဖိအားပေးခြိမ်းခြောက်တာကြောင့် ဗုံးခွဲတိုက်ခိုက်ခဲ့တာလို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။
"အနည်းဆုံး ၅ ဦးထက်မနည်း ထိခိုက်မှုရှိနိုင်တယ်။ စစ်ဆေးရုံကိုသယ်သွားကြပြီ" လို့ ပြည်သူ့လုံခြုံရေးနှင့် ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၁ ဦးက ပြောပါတယ်။
ဒီနေ့ Silent Strike သပိတ်မှာ ပါဝင်တဲ့ ဆိုင်ရှင်တွေကို စစ်ကောင်စီက ဆက်လက်ဖိအားပေး ခြိမ်းခြောက်နေပါက ထပ်မံအရေးယူဆောင်ရွက်သွားမယ်လို့လည်း ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးတပ်ဖွဲ့က သတိပေးထားပါတယ်။