မန္တလေး၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ မန္တလေးတိုင်းဒေသကြီးလွှတ်တော် အနီးနဲ့ ကျောင်းဆရာမတယောက်ရဲ့ နေအိမ်အနီးမှာ ဒီဇင်ဘာလ ၉ ရက် ဒီမနက်ပိုင်းက မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတွေ တွေ့ရှိခဲ့ပါတယ်။
ဥပုသ်တော်ရပ်ကွက်၊ ၉ လမ်း၊ လမ်း ၇၀ နဲ့ ၇၃ လမ်းကြားရှိ မန္တလေးတိုင်းဒေသကြီး လွှတ်တော်ရုံးအနီးမှာ မနက် ၇ နာရီ ဝန်းကျင်က မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်း တွေ့ရှိခဲ့ပါတယ်။
ဒါ့အပြင် မနက် ၈ နာရီဝန်းကျင်ကလည်း ဥပုသ်တော်ရပ်ကွက်၊ ၁၀ လမ်း၊၇၅ လမ်း နဲ့ ၇၆ လမ်းကြားရှိ အမှတ် (၂၅) အခြေခံပညာအထက်တန်းကျောင်းက ဆရာမရဲ့ နေအိမ်ရှေ့သစ်ပင်ခြေရင်းမှာ မပေါက်ကွဲသေးတဲ့ လက်လုပ်မိုင်းတစ်ခု တွေ့ရှိခဲ့ပါတယ်။
“လွှတ်တော်ရုံးနားမှာက အစောင့်တွေ အမြဲရှိတယ်။ နောက်ပြီး လမ်းကိုလည်း အတားအဆီးတွေ ဘယ်ရီဂိတ်တွေ ချထားတယ်။ နောက် ၂၅ ကျောင်းက ဆရာမ အိမ်ရှေ့မှာလည်း လက်လုပ်ဗုံးတွေ့တယ်။ ဆရာမက CDM ဆရာမ မဟုတ်ဘူး။” လို့ ဥပုသ်တော်ရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။
အဲ့ဒီမပေါက်ကွဲသေးတဲ့ လက်လုပ်ဗုံးတွေကို စစ်ကောင်စီတပ်သားတွေ လာရောက်ရှင်းလင်းခဲ့ပြီး အနီးပတ်ဝန်းကျင်မှာ စစ်ဆေးသွား တယ်လို့ သိရပါတယ်။