ဧရာဝတီတိုင်း၊ ပုသိမ်မြို့၊ အမှတ် ၁ ရပ်ကွက်မှာ မေလ ၄ ရက် ညပိုင်းက နေအိမ်ခြံရှင်းရင်း လက်လုပ်မိုင်း ၃၈ လုံး တွေ့ရှိခဲ့တာကြောင့် စစ်ကောင်စီတပ်သားတွေကို ခေါ်ယူပြီး ခြံပိုင်ရှင်က အပ်နှံခဲ့တယ်လို့ သိရပါတယ်။
ထန်ကုန်းလေး ၂ လမ်းမှာရှိတဲ့ နေအိမ်ခြံထဲ မြက်ရှင်းနေချိန်မှာ အဝါရောင် ပီနံအိတ်နဲ့ ထည့်ထားတဲ့ လက်လုပ်မိုင်း ၃၈ လုံး တွေ့ရှိခဲ့တာကြောင့် ရာအိမ်မှူးကို ဆက်သွယ်ပြီး စစ်ကောင်စီတပ်ကို အပ်နှံခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတဦးက “ခြံက မနေတာ ၃ လလောက်ကြာပြီ။ အဲ့ခြံကို ရှင်းတဲ့အချိန်မှာတွေ့တာ၊ အားလုံး ၃၈ လုံး၊ တချို့က အသက်သွင်းထားတာတွေလည်း ပါတယ်။ ညပိုင်း စစ်ကောင်စီတပ်က လာသိမ်းသွားတယ်” လို့ ပြောပါတယ်။
ခြံရှင်းရင်းတွေ့ရှိတဲ့ လက်လုပ်မိုင်းတွေကို စစ်ကောင်စီတပ်သားတွေက ဖောက်ခွဲဖျက်ဆီးဖို့အတွက် တောင်ပေါ်တပ်ထဲကို ယူဆောင်သွားတယ်လို့ ဆိုပါတယ်။
လက်လုပ်မိုင်းတွေ တွေ့ရှိတာနဲ့ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေဘက်က တစုံတရာ သတင်းထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။