မွန်ပြည်နယ် ရေးမြို့နယ် အောင်သပြေကျေးရွာကို ဒီဇင်ဘာ ၈ ရက်နေ့ ည ၁၂ နာရီလောက်က စစ်ကောင်စီတပ်မှ သေနတ်ပစ်ဖောက် ဝင်ရောက်ပြီး လူနေအိမ် ၃ လုံးအား မီးရှို့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အောင်သပြေကျေးရွာအနီး ပြီးခဲ့တဲ့ရက်က တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သားတွေ ထိခိုက်ကျဆုံးတာတွေ ရှိတာကြောင့် အခုလို မီးရှို့ဖျက်ဆီးတာလို့ ဒေသခံတဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၆ ရက်က KNU တပ်နဲ့ စစ်ကောင်စီတပ်တို့ နှစ်ဖက် ပစ်ခတ်မှုဖြစ်ပွားရာမှ စစ်တပ်က ၃ ဦးကျဆုံးပြီး တိုက်ပွဲဖြစ်ပွားရာအနီး လယ်ကွင်းထဲမှာ စစ်သား ၂ လောင်းအား ညနေစောင်းမှာ ထပ်တွေ့ရှိရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
အခုလို စစ်ကောင်စီဘက်က ထိခိုက်ကျဆုံးတာတွေ ရှိလာတာကြောင့် စစ်ရေးအရှိန် ထပ်မံမြင့်မားလာမှာကို ဒေသခံတွေ စိုးရိမ်နေကြပါတယ်။
ဒေသ PDF တပ်တွေကလည်း အခုရက်ပိုင်းအတွင်း ပြည်သူတွေ စစ်ကောင်စီတပ်နဲ့ နီးတဲ့နေရာတွေမှာ မနေကြဖို့နဲ့ မလိုအပ်ဘဲ အသွားအလာ မလုပ်ကြဖို့ သတိပေးထားပါတယ်။
မွန်ပြည်နယ် သံဖြူဇရပ်မြို့မှာလည်း ဒီဇင်ဘာ ၈ ရက်နေ့ ည ၈ နာရီခွဲလောက်က ဆိုင်ကယ်စီးလာတဲ့ ပြည်သူတစ်ဦးကို စစ်ကောင်စီတပ်သားတွေ သေနတ်ပစ်ခတ်တာကြောင့် သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
နေအိမ်ကို ဆိုင်ကယ်နဲ့ ပြန်လာတဲ့ ဦးသားငယ်ကို စစ်တပ်က ဆိုင်ကယ် ရပ်တန့်ခိုင်းတဲ့အတွက် ရပ်တန်းပေးရာမှ အကြောင်းအရာတစုံတရာမရှိဘဲ သေနတ်နဲ့ ၂ ချက် အနီးကပ် ပစ်သတ်ခဲ့တာလို့ ဆိုပါတယ်။
အခုလို ပစ်သတ်ခံရတဲ့အပေါ် မိသားစုဝင်တဦးက “သူ့အဖေက ဘာအမှားတွေ လုပ်ထားမိလို့ အခုလို လူမှားပြီး သေနတ်ပစ်ပြီး သေဆုံးတဲ့အထိ လုပ်ရတာလဲ၊ သူ့အဖေက အလုပ်ကနေ ပြန်လာတာ” ဆိုပြီး လူမှုကွန်ရက် စာမျက်နှာကနေ ရေးသားထားပါတယ်။