တနင်္သာရီတိုင်း ထားဝယ်မြစ်ကမ်းနံဘေးမှာရှိတဲ့ လောင်းလုံးမြို့နယ်၊ ကညုံကျွန်းရွာကို ဒီဇင်ဘာ ၉ ရက်၊ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီတပ်အင်အား ၄၀ လောက်နဲ့ ဝင်ရောက်စီးနင်းပြီး သေနတ်ပစ်ဖောက် ခြိမ်းခြောက်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်တာကြောင့် ကြောက်လန့်ပြီး ထွက်ပြေးတဲ့ ရွာသွားအချို့ကိုလည်း ဖမ်းဆီးထားပြီး နေအိမ်အတွင်းက လူကြီး၊ လူငယ်တွေကိုလည်း လမ်းမပေါ် ခေါ်ထုတ်ကာ နေပူထဲထိုင်ခိုင်းထားတယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“'သူတို့က မနက် ရွာထဲဝင်လာကတည်း သေနတ်ပစ်ပြီးဝင်လာတာ၊ အဲတော့ ရွာသားတွေလည်း ကြောက်ပြီး အိမ်ထဲကနေထွက်ပြေးပြီး ဓနိတောထဲဝင်ပြေးတာမျိုးရှိတာ၊ ဒါကိုသူတို့က သေနတ်ဖောက်ခြိမ်းခြောက်ပြီးဖမ်းတာ၊ ဓနိတောထဲ ရမ်းပစ်တာမျိုးလည်းရှိတယ်။ နောက်ပြီး ပုန်းနေတဲ့ လူတွေ ကြောက်ပြီးထွက်ပြေးလာအောင်လားမသိဘူး လက်နက်ကြီးပါ ဖောက်နေတာ။ လူမရှိတဲ့ နေအိမ်တွေကိုလည်း အတင်းကန်ဖွင့်နေတယ်၊ အိမ်ထဲမှာရှိတဲ့ လူကြီးတွေ၊ လူငယ်တွေကိုလည်း အတင်းခေါ်ထုတ်ပြီး နေပူထဲ ထိုင်ခိုင်းထားတယ်။”
ကညုံကျွန်းရွာမှာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ ခိုအောင်းနေတယ်လို့ ယူဆတာကြောင့် အခုလို ဝင်ရောက်စီးနင်းတာလို့ ရွာခံတွေက ပြောပါတယ်။
ဒီနေ့မွန်းတည့်အချိန်ထိ ကျေးရွာအတွင်း ပစ်ခတ်ခြိမ်းခြောက်ဖမ်းဆီးမှုများရှိနေပြီး ကျေးရွာသပိတ်ခေါင်းဆောင်တွေကိုလည်း နာမည်စာရင်းအတိအကျနဲ့ လိုက်လံဖမ်းဆီးနေတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
အခုလို ဝင်ရောက်စီးနင်းတာကြောင့် ကညုံကျွန်းအပါအဝင် လောင်းလုံးမြို့နယ်အတွင်းရှိ ကျေးရွာတွေက လယ်သမားတွေ စပါးရိတ်သိမ်းချိန် လုပ်ငန်းခွင် မဝင်နိုင် ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၁ ရက်က လောင်းလုံးမြို့နယ် ကြယ်တောင်အနီးမှာ လောင်းလုံးမြို့မရဲစခန်းမှူး လိုက်ပါလာတဲ့ ရဲကားအား လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်မှုကြောင့် အထိအခိုက်အကျဆုံးရှိခဲ့ပြီးနောက်ပိုင်း ကညုံကျွန်း ရွာနဲ့ သုံးမိုင်လောက်သာ ဝေးတဲ့ ကြယ်တောင်အနီးကျေးရွာတွေဖြစ်တဲ့ အောက်ရေဖြူကျေးရွာ၊ ဂေါ့အင်းကျေးရွာတွေမှာ စစ်ကောင်စီတပ်က အအား ၁၀၀ နီးပါးနဲ့ တပ်စွဲထားပြီး ဒီနေ့အထိ လမ်းသွားလမ်းလာပြည်သူတွေကို မတရားစစ်ဆေးဖမ်းဆီးတာတွေ ပြုလုပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ်က ပြည်သူတွေဟာ ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိနေတဲ့ကြားက အာဏာသိမ်းစစ်ကောင်စီအား နေ့စဉ်လိုလို ကန့်ကွက်ဆန္ဒပြနေကြပါတယ်။