စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ရေဦး-တန့်ဆည် လမ်းမကြီးဘေး ပန်းကုန်းကျေးရွာအနီးမှာရှိတဲ့ ရဲကင်းစခန်းတခု၊ ရေဦး-ကံထူးမ လမ်းမဘေးက ရဲကင်းစခန်းတခုနဲ့ ရေဦး-တန့်ဆည် လမ်းအနီးက မိုင်တဲလ်တာဝါတိုင်တစ်တိုင်တို့ကို ဒီဇင်ဘာလ ၇ ရက်နေ့က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ YE-U URBAN GUERRILLA ထုတ်ပြန်ကြေညာထားပါတယ်။
“အဲဒီပန်းကုန်းရဲကင်းစခန်းမှာ ရဲအမြဲတော့မနေဘူး၊ ရံဖန်ရံခါ ရဲတွေလာပြီး နွားကားတွေ သစ်ကားတွေဆီက ပိုက်ဆံတောင်းတဲ့နေရာပေါ့ဗျာ။ နေ့လည် ၁၁ နာရီကျော်လောက်က ဖြစ်မယ် မီးရှို့ခံရပြီး ပြာကျသွားတယ်” လို့ ရေဦး-တန့်ဆည်လမ်းမကြီးဘေး ဒေသခံတစ်ဦးကပြောပါတယ်။
တမာတော ရဲကင်းစခန်းကို မနက် ၁၀ နာရီလောက် မီးရှို့ဖျက်ဆီးခဲ့ပြီး၊ ပန်းကုန်း ရဲကင်းစခန်းကိုတော့ ၁၁ နာရီလောက်မှာ ဖျက်ဆီးမီးရှို့ခဲ့တာဖြစ်ပြီး အဆိုပါရဲကင်းစခန်းတွေဟာ အမြဲတမ်းရဲဝန်ထမ်းမရှိပေမယ့် ကားလမ်းမကြီးဘေးတွေမှာရှိနေတဲ့အတွက် မကြာခဏ စစ်တပ်က လာရောက်တပ်စွဲတာကြောင့် မီးရှို့ဖျက်ဆီးတာလို့ ရေဦးမြို့ပြပြောက်ကျားအဖွဲ့ (YUG ) က ပြောပါတယ်။
မိုင်တဲလ်တာဝါတိုင်တစ်တိုင်က ဆက်သွယ်ရေးပစ္စည်းတွေကိုတော့ မွန်းတည့် ၁၂ နာရီလောက်မှာ မီးရှို့ခဲ့တာတာလို့ ဆိုပါတယ်။
ရေဦးမြို့နယ်အတွင်းမှာ တမာတောနဲ့ပန်းကုန်း ရဲကင်းစခန်း ၂ ခု ပထမဆုံးမီးရှို့ဖျက်ဆီးခံရတာဖြစ်ပြီး ဆပ်သေ၊ ဇိန့်ဇွန်း၊ ပလူဇဝ၊ မြင်းပေါက် စတဲ့ကျေးရွာတွေအနီးက မိုင်တဲလ်တာဝါတိုင် စုစုပေါင်း ၆ ခု ဖျက်ဆီးခံထားရတယ်လို့ သိရပါတယ်။