ထိုင်းနိုင်ငံမှာ ပြီးခဲ့တဲ့အပတ်က အမေရိကန်နိုင်ငံသား အမျိုးသား ၁ ဦးဆီက ကိုဗစ်-၁၉ မျိုးဗီဇသစ် အိုမီခရွန်ပိုးကို တွေ့ရှိပြီးတဲ့နောက် နိုင်ဂျီးရီးယားနိုင်ငံကနေပြန်လာတဲ့ ထိုင်းနိုင်ငံသား ၂ ဦးထံမှာလည်း အိုမီခရွန် ဖြစ်နိုင်ခြေ အများဆုံးရှိတာတွေ့ရတယ်လို့ ဆိုပါတယ်။
ထိုင်းနိုင်ငံ ကိုဗစ်-၁၉ အခြေအနေထိန်းချုပ်ကွပ်ကဲရေး ဗဟိုဌာန ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ ဆုမဏီး ဝပ်ချရဆင်က ဒီကနေ့ ကိုဗစ်-၁၉ အခြေအနေ အစီရင်ခံရှင်းလင်းပွဲမှာ ထည့်သွင်းပြောကြားသွားတာပါ။
အဆိုပါ လူနာ ၂ ဦးမှာ ခရစ်ယာန်အသင်းတော်မှ စကားပြန် အသက် ၄၆ နှစ် နဲ့ ၃၆ နှစ်ရှိ ထိုင်းအမျိုးသမီးတွေဖြစ်ပြီး ပြီးခဲ့တဲ့ နိုဝင်ဘာနောက်ဆုံးပတ်က နိုင်ဂျီးရီးယားနိုင်ငံမှာ ပြုလုပ်တဲ့ ဘာသာရေးအစည်းအဝေးကို သွားရောက်ခဲ့တယ်လို့ ဆိုပါတယ်။
သူတို့ ၂ ဦးလုံး ကိုဗစ်-၁၉ ကာကွယ်ဆေး မထိုးနှံရသေးဘဲ ရောဂါလက္ခဏာမှာလည်း အိုမီခရွန်ဖြစ်နိုင်ခြေအများဆုံးရှိကြောင်း၊ လောလောဆယ် ပိုးရဲ့မျိုးဗီဇအားလုံးရဲ့ စရိုက်လက္ခဏာ စစ်ဆေးနေပြီး ၁- ၂ ရက်အတွင်း တိကျတဲ့အဖြေသိရမယ်လို့ ဆိုပါတယ်။
သူတို့ နှစ်ဦးဟာ နိုဝင်ဘာ ၂၁ ရက်နေ့က လေယာဉ်ပေါ်မတက်ခင် နိုင်ဂျီးရီးယားနိုင်ငံမှာ RT-PCR စစ်ဆေးခဲ့ပြီး ပိုးမတွေ့ခဲ့ကြောင်း၊ နိုဝင်ဘာ ၂၃ ရက်မှာ အဖျားရှိပြီး လည်ပင်းနာကြောင်း၊ နိုဝင်ဘာ ၂၄ မှာ ထိုင်းနိုင်ငံကို ပြန်ရောက်ပြီး ကာကွယ်ဆေး မထိုး ရသေးတဲ့အတွက် ကွာရန်တင်းဝင်နေကြောင်း၊ ထိုင်းမှာ ပထမဆုံးအကြိမ် RT-PCR စစ်ဆေး ရာက ကိုဗစ်-၁၉ ပေါ့စ်တစ်ဗ်တွေ့လို့ နိုဝင်ဘာ ၂၅ မှာ ဆေးကုသမှုစတင်ခံယူနေတယ်လို့ ဆိုပါ တယ် ။
သူတို့ဟာ နိုင်ဂျီးရီးယားမှာ အလုပ်လုပ်နေစဉ် မာ့က်စ်တပ်ဆင်ခြင်းမရှိကြောင်း၊ သူတို့နဲ့ တဖွဲ့တည်းလိုက်ပါသွားတဲ့ နောက်ထပ်ထိုင်းအမျိုးသမီး ၁ ဦးကတော့ ထိုင်းကိုပြန်မလာသေးဘဲ ဆွီဒင်နိုင်ငံကို ခရီးဆက်သွားပြီး သူမလည်း ပေါ့စတစ်ဗ်ဖြစ်နေတယ်လို့ ဆိုပါတယ်။
ပထမဆုံး အိုမီခရွန်ပိုးတွေ့ အမေရိကန်နိုင်ငံသားနဲ့ ထိတွေ့သူမှာ စုစုပေါင်း ၁၉ ဦးရှိပြီး အဲဒီထဲက ဟိုတယ်စားပွဲထိုးမှာ ကိုဗစ်-၁၉ ပိုးတွေ့ထားပေမယ့် အိုမီခရွန်ဟုတ်မဟုတ်ကိုတော့ ဓာတ်ခွဲစစ်ဆေးနေဆဲဖြစ်ပါတယ်။