ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန္နီ-ပန်လော့တိုးဂိတ်မှာ ဒီဇင်ဘာ ၇ ရက်ညပိုင်းက ဗုံးကွဲမှုတွေနဲ့ ပစ်ခတ်မှုတွေ ဖြစ်ပွားပြီး တိုးဂိတ်ဝန်ထမ်း ၁ ယောက်နဲ့ ကားဆရာ ၂ ယောက် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနေ့ည ၆ နာရီခွဲလောက်ကစပြီး ည ၇ နာရီခွဲ ဝန်းကျင်ထိလောက်အထိ ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပြီး ဘယ်အဖွဲ့နဲ့ တိုက်ပွဲဖြစ်တာလဲ ဆိုတာကိုတော့ မသိရသေးဘူးလို့ဆိုပါတယ်။
"၆ ခွဲ ကတည်းက တိုက်ပွဲဖြစ်တာ။ ၁ နာရီ လောက်ပေါ့။ ထိခိုက် ၃ ဦး။ သိန္နီတိုးဂိတ်ပါ။" လို့ ဒေသခံ မျက်မြင်တွေ့သူ တဦးက ပြောပါတယ်။
အမည်မဖော်လိုသူ ဒေသခံ တဦးကလည်း "ဗုံးမိတာ။ ကား နှစ်စီး ထိတယ်။ တစီးက သားအဖ နှစ်ယောက် မောင်းလာတာ။ အိမ်ရှေ့လာရပ်ထားတယ်။ နှစ်ယောက်လုံး ထိတယ်။ တစီးက တယောက်ထဲ မောင်းလာတာ။ ခြေထောက်ကျည်ထိပြီး သတိလစ်သွားတယ်။ သူတော့ သူ့ကားနဲ့သူ တိုးဂိတ်မှာ ကျန်ခဲ့ရပြီး အခြေအနေကောင်းမှ လူကိုသွားယူပြီး ဆေးရုံပို့တာ။ ခုနတော့ တိုးဂိတ်က သူတို့ကွန်ပြူတာထိုင်ခန်းလေးနှစ်ဖက်လုံး မီးလောင်နေပါတယ်။ အခုတော့ ငြှိမ်းလိုက်ပြီ။" လို့ ပြောပါတယ်။
ပစ်ခတ်မှုဖြစ်ပွားတဲ့ အနီးနားနေထိုင်သူ ဒေသခံတဦးက "အသံတွေမှ အုံးဒိုင်းနဲ့ပဲ။ ကျည်ဆန်ငါတို့ နေတဲ့ အိမ်ထိရောက်တယ်။"လို့ ပြောပါတယ်။
ဒဏ်ရာရသူတွေ ဆေးရုံရောက်နေပြီး ဒဏ်ရာအခြေအနေကိုတော့ အသေးစိတ် မသိရသေး ပါတယ်။
စစ်ကောင်စီတပ်တွေ အင်အားအများအပြားနဲ့ စစ်ကြောင်းတက်လာတာကြောင့် မြို့နေ ပြည်သူတွေ ဂရုစိုက်ဖို့ သိန္နီ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးထားပါတယ်။