မွန်ပြည်နယ်၊ သထုံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လူငယ်တွဲဘက်တာဝန်ခံ ကိုဇင်ကိုကိုအား ဖမ်းမမိလို့ စစ်ကောင်စီတပ်ဖွဲ့ဝင်က မိသားစုဝင် ၃ ဦးကို ဓားစားခံအဖြစ် ဖမ်းဆီးသွားတယ်လို့ မိသားစုနဲ့နီးစပ်သူတွေက DVB ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဒီဇင်ဘာ ၆ ရက်နေ့ ညနေ ၄ နာရီအချိန်လောက်က သထုံမြို့နယ် ဒေးဗရိန်ကျေးရွာမှာ ကိုဇင်ကိုကိုအား လာရောက်ဖမ်းဆီးခဲ့တာဖြစ်ပြီး သူကို ဖမ်းမမိလို့ မိသားစုဝင် ၃ ဦးကို ဖမ်းသွားခဲ့တာလို့ ဆိုပါတယ်။
ဓားစာခံအဖြစ် ဖမ်းခံရသူတွေမှာ ကိုဇင်ကိုကိုရဲ့ မိခင်ဖြစ်သူ ဒေါ် နွယ်နွယ်သန်း၊ အစ်ကိုဖြစ်သူ ကိုလွင်ကိုကို၊ ညီဖြစ်သူ မောင်ထွန်းကိုကိုတို့ကို ဖမ်းသွားခဲ့တာပါ။
စစ်ကောင်စီက ဖမ်းဆီးသွားတဲ့ မိသားစုဝင် ၃ ဦးကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲဆိုတာ မသိရသေးသလို လက်ရှိအချိန်ထိ မိသားစုနဲ့ အဆက်အသွယ် မရသေးပါဘူး။
ဖမ်းဆီးသွားတဲ့ ကိုဇင်ကိုကိုရဲ့ ညီဖြစ်သူ မောင်ထွန်းကိုကိုဟာ အသက် ၁၄ နှစ်သာ ရှိပြီး အသက်မပြည့်သေးဘူးလို့လည်း သိရပါတယ်။
မိသားစုဝင် ၃ ဦး ဖမ်းဆီးခံရပြီနောက် ကိုဇင်ကိုကိုမှာလည်း အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေတယ်လို့မိသားစုနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
ကိုဇင်ကိုကိုဟာ စစ်အာဏာရှင် ဆန္ဒပြပွဲမှာ ပါဝင်လှုပ်ရှားခဲ့သလို နောက်ပိုင်းမှာ ပရဟိတလုပ်ငန်းတွေနဲ့ ပြည်သူ့အကျိုးပြုလုပ်ငန်းတွေကို ဆောင်ရွက်နေတာ ဖြစ်ပါတယ်။