အာဏာသိမ်းစစ်ကောင်စီတပ်က ပစ်ခတ်ဖမ်းဆီးမှုတွေ ရှိနေပေမယ့် ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်အတွင်း စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး နေ့စဉ်လိုလို ဆန္ဒပြနေကြပြီး ဒီဇင်ဘာလ ၇ ရက်ကလည်း ညသပိတ်ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒပြသူတွေဟာ “ဆိတ်သုဉ်းနေတဲ့ လူ့အခွင့်အရေး တော်လှန်ရေးနဲ့ သိမ်းပိုက်ကြ” ဗွီနိုင်းတွေကိုင်ဆောင်ပြီး ညသပိတ်ပြုလုပ်ခဲ့ကြတာပါ။
ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ကလည်း စစ်အာဏာရှင်ကို အမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်ဖို့ တိုက်တွန်းထားပြီး ကုန်စည်ဆိုင်တွေအနေနဲ့ စစ်တပ်ထုတ်ကုန်တွေ တင်ပို့ရောင်းချမှု ဆက်လုပ်နေပါက တစ်ဆိုင်ချင်းစီကို သပိတ်မှောက်သွားမယ်လို့ မနေ့ညက ထုတ်ပြန်ထားပါတယ်။
ခေတ်အဆက်ဆက် စစ်အာဏာရှင်စနစ်ကို အသက်ဆိုးရှည်စေဖို့ တောင့်ခံပေးထားတဲ့ ထောက်တိုင်ကြီးတွေထဲမှာ စစ်တပ်ရဲ့ ဘဏ္ဍာဝင်ငွေလမ်းကြောင်းတွေဟာ အဓိကအခန်းကဏ္ဍတွေမှာ တစ်ခုအပါအဝင်ဖြစ်တယ်လို့ သပိတ်ကော်မတီ တာဝန်ရှိသူတဦးက ပြောပါတယ်။
ဒါကြောင့် စစ်အာဏာရှင်စနစ်ကျဆုံးပြီး ဖယ်ဒရယ်ဒီမိုကရေစီ အရေးတော်ပုံကြီး အချိန်တိုအတွင်း အောင်မြင်မှုရရှိနိုင်ဖို့ စစ်ကောင်စီရဲ့ ဘဏ္ဍာဝင်ငွေလမ်းကြောင်းတွေကို ဝိုင်းဝန်းပိတ်ဆို့ကြဖို့ အရေးကြီးကြောင်း၊ ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန်တွေကို ဝယ်ယူသုံးစွဲခြင်းမပြုဘဲ တော်လှန်ရေးတွင် ပူးပေါင်းပါဝင်တာ စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချေမှုန်းရေးအတွက် အင်မတန်ထိရောက်တဲ့ နည်းလမ်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။
ဒီနည်းလမ်းဟာ ပြည်သူလူထုတစ်ရပ်လုံး လွယ်ကူစွာ ပူးပေါင်းပါဝင်နိုင်တဲ့ အကြမ်းမဖက်လူထုလှုပ်ရှားမှု တော်လှန်ရေးလမ်းစဥ်တစ်ခုဖြစ်တာကြောင့် စစ်အာဏာရှင်စနစ်အား ရေရှည်တည်တံ့နိုင်ရန်ဖို့ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး 'စစ်အာဏာရှင်ကိုအမြစ်ဖြတ်ဖို့၊ စစ်တပ်ထုတ်ကုန် သပိတ်မှောက်စို့' လှုပ်ရှားမှုမှာ ပူးပေါင်းပါဝင်ကြဖို့ တိုက်တွန်းထားပါတယ်။
ပါဝင်ကြမယ့်ပြည်သူတွေအနေနဲ့ စစ်တပ်ထုတ်ကုန်များအားး ဝယ်ယူမသုံးစွဲရေး စည်းရုံးလှုံ့ဆော်ကာ စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်းတွေမှာ ပူးပေါင်းပါဝင်ကြဖို့နဲ့ သပိတ်စစ်ကြောင်းတွေကို ထောက်ခံအားပေးကြဖို့၊ စစ်တပ်ထုတ်ကုန်မသုံးစွဲရေး လှုံ့ဆော်တဲ့ စာသားများရေးသားထားတဲ့ ဘုတ်ပြားတွေ ကိုင်ဆောင်ကာ ဓာတ်ပုံရိုက်ပြီး လှုမှုကွန်ရက်စာမျက်နှာတွေမှာ ဖြန့်ဝေပေးဖို့ ဒီမိုကရေစီရေးလှုပ်ရှားမှု သပိတ်ကော်မတီ (ထားဝယ်ခရိုင်) ရဲ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။