ရန်ကုန်တိုင်း၊ တာမွေမြို့နယ်မှာ ဒီဇင်ဘာလ ၇ ရက်နေ့ညပိုင်းက စစ်အာဏာရှင် ဆန့်ကျင့်ရေး ည ၈ နာရီမှာ သံပုံးတွေတီးခဲ့တယ်ဆိုပြီး ဒေသခံပြည်သူ ၁၀ ဦးလောက်ကို စစ်ကောင်စီတပ်သားတွေက ဝင်ရောက်ဖမ်းဆီးသွားတယ်လို့ သိရပါတယ်။
တာမွေမြို့နယ်ထဲက သီတာလမ်းနဲ့ အောင်မင်္ဂလာလမ်းထဲက ဒေသခံပြည်သူ ၁၀ ဦးလောက်ကို စစ်ကောင်စီတပ်သားတွေက ည ၈ နာရီခွဲလောက် ဧည့်စာရင်းဝင်စစ်မယ်ပြောဆိုပြီး ဖမ်းဆီးသွားတာလို့ မြို့ခံတွေကပြောပါတယ်။
"သံပုံတီးတာက တော်တော်များများတီးတာ အဲ့တာကို သူတို့ထင်တဲ့သူတွေကို ဝင်ဆွဲသွားတာ။ ပြောရရင် အဖမ်းပြတာပေါ့ ဟုတ်ဟုတ် မဟုတ်ဟုတ် အဖမ်းပြတာသဘောလုပ်သွားတာ” လို့ မြို့ခံ တဦးက ပြောပါတယ်။
ဒေသခံတွေ စစ်အာဏာရှင်ဆန့်ကျင်ရေးသံ သံပုံးမတီးခင်ကတည်းက စစ်ကောင်စီတပ်သားတွေက ကင်းပုန်းဝတ်စောင့်နေပြီး တီးပြီးတဲ့အချိန်မှာ သူတို့ထင်တဲ့နေအိမ်တွေကို ဝင်ရောက်ဖမ်းဆီးသွားတာလို့ ဆိုပါတယ်။
ဒေသခံ ၁၀ ကျော်ဖမ်းဆီးခံခဲ့ရတဲ့ တာမွေမြို့နယ်အနီးတဝိုက်မှာ စစ်ကောင်စီတပ်သားတွေက ညစဥ် အော်ဟစ်ဆဲဆိုပြီး အရက်သောက်ကာ ခြိမ်းခြောက်တာတွေလည်း ပြုလုပ်နေတယ်လို့ သိရပါတယ်။
ဒါ့ပြင် တာမွေမြို့နယ်ထဲက ရပ်ကွက်အချို့မှာ စစ်ကောင်စီတပ်သားတွေက တိုက်ခန်းအချို့ကို သေနတ်၊ လေးခွတွေနဲ့ ပစ်ခတ်တာတွေပြုလုပ်ပြီး ရပ်ထားတဲ့ ကားတွေကို ဖျက်ဆီးတာတွေ ပြုလုပ်သွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။