အင်တာနက်လိုင်း ဖြတ်တောက်ခံထားရတာ သုံးလကျော်ရှိပြီဖြစ်တဲ့ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့နယ်မှာ ဒီကနေ့ ဒီဇင်ဘာ ၆ ရက်နေ့ မနက် ၆ နာရီကနေစပြီး MPT ဖုန်းလိုင်းတွေကိုပါ ဖြတ်တောက်လိုက်တယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
"ဟုတ်တယ် MPT ဖုန်းတွေက ဒီမနက်မှာ MPT ဖုန်းခေါ်ကြည့်တော့ Call Field ဖြစ်နေတာ၊ မသင်္ကာလို့ ဖုန်းလိုင်းပြန်ကြည့်လိုက်မှ လိုင်းအကုန်ပျောက်နေတယ်၊ လုံးဝ ခေါ်မရတော့ဘူး" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ဖားကန့်မြို့နယ်မှာ ယခင်က MPT၊ Telenor၊ Oredo၊ Metel ဖုန်းလိုင်းတွေ ရရှိနေတာဖြစ်ပြီး နေရာတချို့မှာတော့ Mytel ဆင်းကတ်သုံးသူတချို့ အင်တာနက် အသုံးပြုလို့ရတယ်လို့ ဒေသခံတွေက ပြောဆိုနေကြပါတယ်။
ဖားကန့်မြို့နယ်မှာ လွန်ခဲ့တဲ့ ဩဂုတ် ၂၀ ရက်နေ့ကစလို့ အင်တာနက်လိုင်းတွေ ဖြတ်တောက်ခံခဲဲ့ရပြီး ဒီနေ့မနက်အစောပိုင်းမှာ MPT ဖုန်းလိုင်းတွေ ထပ်မံဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။
အခုလို MPT ဖုန်းလိုင်းတွေဖြတ်တောက်မှုနဲ့ပတ်သက်ပြီး ဖားကန့်မြို့ မြန်မာ့ဆက်သွယ်ရေး စာတိုက်နှင့်ကြေးနန်းဌာနကို DVB က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပါဘူး။