ရန်ကုန်ကြည့်မြင်တိုင်မှာ နိုဝင်ဘာ ၅ ရက် မနက်ပိုင်းက ဆန္ဒပြလူငယ်တွေကို စစ်တပ်က ကားနဲ့တိုက်သတ် ပစ်ခတ်နှိမ်နင်းခဲ့ပြီးနောက် ည ၈ နာရီမှာ ရန်ကုန်က မြို့နယ်တချို့ သံပုံးတီး လှုပ်ရှားမှုတခု ပြန်လည်ပြုလုပ်ခဲ့ကြပါတယ်။
မကောင်းဆိုးဝါးနှိမ်နင်းတဲ့ ဓလေ့တခုဖြစ်တဲ့ သံပုံးတီး လှုပ်ရှားမှုသပိတ်ကို စစ်အာဏာသိမ်းပြီး ဆန္ဒပြပွဲတွေနဲ့အတူ ည ၈ နာရီအချိန်တိုင်း တပြိုင်တည်း ပြုလုပ်လာကြပေမယ့် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေ သံပုံးတီးတဲ့ နေအိမ်တွေကို ပစ်ခတ်တာတွေနဲ့ ခြိမ်းခြောက်မှုတွေ ပြုလုပ်လာပြီးတဲ့နောက် ဧပြီလဆန်းလောက်ကစ သံပုံးတီးသပိတ် ပါဝင်သူ လျော့နည်းလာပြီး ရပ်တန့်သွားတာပါ။
ဒါပေမယ့် ဒီဇင်ဘာလ ၅ ရက်နေ့မှာတော့ ရန်ကုန်ကြီးမြင့်တိုင်မြို့နယ်မှာ စစ်တပ်ရဲ့ ဆန္ဒပြလူငယ်တွေကို ကားနဲ့တိုက်သတ်မှုကို မြင်တွေ့ပြီးနောက်ပိုင်း သံပုံတီး သပိတ်ကို ဒီကနေ့ညမှာ ပြည်သူတွေ ပြန်လည်ဆင်နွှဲလာကြတာပါ။
ရန်ကုန်ကမြို့နယ်တစ်ချို့ သံပုံတီး ညသပိတ်တွေ ဆင်နွဲခဲ့ပြီးနောက် စစ်ကား၊ ရဲကားတွေ လမ်းမပေါ် သွားလာနေတယ်လို့ သိရပါတယ်။
စမ်းချောင်းမြို့နယ်နဲ့ မြေနီကုန်းတစ်ဝိုက်မှာလည်း မနေ့ည ၇:၄၅ လောက်က သေနတ်သံတွေ ၁၀ ချက်ထက်မနည်း ဆက်တိုက်ကြားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတစ်ဦးက “ပေါက်ကွဲသံကြားပြီးတော့ သေနတ်သံတွေ ကြားရတာ။ မြေနီကုန်းက တော်လှန်ရေးပန်ခြံနားက ၂၄ ရဲစခန်းကို ပစ်တယ်လို့ကြားတယ်။ အဲ့နားလောက်ပဲ သေနတ်သံထွက်လာတာ။ မြေနီကုန်းပဒေသာလမ်းမှာတော့ စစ်သားတွေ စောင့်ကြည့်နေတယ်။ ပစ်ခတ်မှုပြီးတဲ့နောက်မှာ ကောင်လေးတစ်ယောက်ကို ဒူးထောက်ခိုင်းပြီး ပါးတွေ ရိုက်နေတာ။ ကားတွေကိုလည်း စစ်တယ်။ သေနတ်သံကြားတုန်းကဆို လမ်းပေါ်မှာ လူတွေ ကြောက်လန့် ပြေးလွှားနေကြတာ။ ဗဟိုလမ်းတွေဘက်ဆိုလည်း စျေးဆိုင်တွေ စောပိတ်ပြီး ပြန်ကုန်ကြတယ်” လို့ ပြောပါတယ်။