နယ်မြေချင်း ထိစပ်နေတဲ့ မကွေးတိုင်း ရေစကြိုမြို့နဲ့ စစ်ကိုင်းတိုင်း မြောင်မြို့ကို စစ်ကောင်စီက အင်အား ရာကျော်နဲ့ ပိတ်ဆို့ထားတယ်လို့ ဒေသခံတွေကပြောပါတယ်။
ရေစကြိုမြို့ အနောက်ဘက်ခြမ်းမှာရှိတဲ့ ပခန်းငယ် ကျေးရွာ၊ မအူကျေးရွာ၊ အောင်ပန်းကျွန်းကျေးရွာတွေမှာ ဒီဇင်ဘာ ၅ ရက်နေ့ မနက်ပိုင်းကစပြီး စစ်ကောင်စီတပ် အင်အားရာချီ ကုန်းလမ်းက ဝိုင်းထားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ရေလမ်းကြောင်းမှာတော့ ချင်းတွင်းမြစ်အနီး မြောင်မြို့ ပရိမ္မရွာမှာ သင်္ဘော ၃ စီးနဲ့ ပိတ်ထားပြီး တလုပ်၊ ညောင်တို၊ မြေတော်၊ နတ်ညွှန်း စတဲ့ ကျေးရွာတွေဘက်က ပိတ်ထားပြီး မြောင်ကို အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ထားဟန်ရှိတယ်လို့ ဆိုပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ မြောင်မြို့နယ်ရဲ့ မြို့အဝင်အထွက်စစ်ဆေးရေးဂိတ်တွေမှာ မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ (CDSOM) က ဒီဇင်ဘာ ၄ ရက် နေ့ကစတင်ပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမယ်ဆိုပြီး ကြေညာလိုက်တာကြောင့် အခုလို ပိတ်ဆို့တာ ဖြစ်နိုင်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“မနေ့က ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ဆေးရေးဂိတ်တွေထားတယ်လို့ ကြေညာထားတာရှိတယ်လေ။ အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ မြောင်နဲ့ရေစကြို အနောက်ဘက်ခြမ်းကို အမဲရောင်နယ်မြေအဖြစ် သတ်မှတ်ထားပြီး အင်အားရာချီပြီး ဝိုင်းထားတာဖြစ်နိုင်တယ်။ မြို့ခံအနေနဲ့ကတော့ ဘယ်လိုပြောရမလဲ ကြောက်တာပေါ့။ ခုချိန်ထိ ဘာဖြစ်လာမလဲတော့ မသိရသေးဘူး။ သူတို့က ပိတ်ဆို့ထားတော့လည်း ခုချိန်မှ ဘယ်မှထွက်ပြေးလို့လည်း မရဘူး။”
စစ်ကောင်စီပိုင်လို့ ယူဆရတဲ့ ဆီတင်သင်္ဘော ၂ စီးကို မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ဒီဇင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီလောက် ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
မြောင်မြို့ဟာ လွတ်မြောက်နယ်မြေဖြစ်ပြီဆိုတဲ့ သတင်းတွေ ဒီဇင်ဘာ ၄ ရက်နေ့က လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့အတွက် အခုလို အင်အားတွေနဲ့ ပိတ်ဆို့ချထားတာလည်း ဖြစ်နိုင်တယ်လို့ ဒေသခံတွေကပြောပါတယ်။
မြောင်မြို့ဟာ လွတ်မြောက်နယ်မြေ ဖြစ်သွားပြီဆိုတာ အမှန်မဟုတ်ဘဲ ဘယ်အရာပဲလုပ်လုပ် ပြည်သူနဲ့ မြို့နယ်သူမြို့နယ်သားတွေကို ချပြပြီး လုပ်ဆောင်သွားမှာဖြစ်တာကြောင့် သတင်းဖွတာမျိုးတွေ မလုပ်ဖို့ မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
မန္တလေး- မြင်းမူ-မုံရွာ လမ်းပိုင်းနဲ့ ပခုက္ကူ - ချောင်းဦး- မုံရွာလမ်းပိုင်းကို ဒီဇင်ဘာ ၄ ရက်နေ့ မနက် ၇ နာရီခွဲက စတင်ပြီး ယာယီပိတ်ထားတယ်လို့ မုံရွာပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ချောင်းဦးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ကြေညာထားပါတယ်။
ရေစကြို၊ ချောင်းဦး၊ မြောင်၊ မြင်းခြံ၊ မုံရွာမြို့တွေဟာ နယ်မြေထိစပ်နေတဲ့ မြို့တွေဖြစ်ပါတယ်။