မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထောင်မှူးကျေးရွာအုပ်စု၊ လေးတိုင်ကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ ဒီဇင်ဘာ ၅ ရက်နေ့ မနက် ၆ နာရီအချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့တယ်လို့ ဒေသခံတွေက DVB ကို ပြောပါတယ်။
အဲဒီဗုံးပေါက်ကွဲမှုကြောင့် လူထိခိုက်ဒဏ်ရာရတာမရှိပေမယ့် အုပ်ချုပ်ရေးမှူးရုံး အနည်းငယ် ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီ အုပ်ချုပ်ရေးမှူးရုံးကို ဗုံးခွဲတိုက်ခိုက်တာ သူတို့ လက်ချက်ဖြစ်တယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။
မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ကတော့ စစ်ကောင်စီကို ထောက်တိုင်သဖွယ် ထောက်ကန်ပေးထားတဲ့ ဘယ်အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်မဆို တိုက်ခိုက်သွားမှာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ ပတ်သက်တာတွေ မလုပ်ကြဖို့ သတိပေးထားပါတယ်။
ဒါ့အပြင် သထုံမြို့နယ်အတွင်းက စားသောက်ဆိုင်၊ ကုန်စုံဆိုင်၊ စတိုးဆိုင်၊ အရက်ဘီယာဆိုင်တွေမှာ စစ်တပ်ထုတ်ကုန်တွေကို လုံးဝ ရောင်းဝယ်ဖောက်ကားတာတွေ မပြုလုပ်ကြဖို့ နောက်ဆုံးအကြိမ် သတိပေးထားပါတယ်။
စစ်တပ်ထုတ်ကုန်တွေကို ရောင်းဝယ်ဖောက်ကားမှုတွေကို ဒီဇင်ဘာ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး လိုက်နာ ဆောင်ရွက်ခြင်း မပြုလုပ်ပါက ကြီးလေးတဲ့ ပြစ်ဒဏ်တွေ ပေးအပ်သွားမယ်လို့ မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။
မွန်-သထုံ အထူးကာကွယ်ရေးတပ်ဖွဲ့ဟာ အခုနောက်ပိုင်းမှာ စစ်ကောင်စီရဲ့ ယာဉ်တန်းတွေနဲ့ ဌာနဆိုင်ရာရုံးတွေကို မကြာခဏဆိုသလို ကြားဖြတ်တိုက်ခိုက်တာတွေ ဆက်တိုက်လုပ်ဆောင်နေတာပါ။