ရန်ကုန်တိုင်း၊ ကြည့်မြင့်တိုင်မြို့နယ်မှာ ဒီဇင်ဘာလ ၅ ရက်မနက်က ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ ရန်ကုန်လူထုသပိတ်စစ်ကြောင်းကို စစ်တပ်က ကားနဲ့ဝင်တိုက်ပြီး အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းခဲ့ပါတယ်။
“သပိတ် သပိတ်မှောက်မှောက်၊ ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ ဖမ်းဆီးထားသော ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဖမ်းဆီးထားသောပြည်သူများ ချက်ချင်းလွှတ်” စတဲ့ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ လူငယ်တွေရဲ့ နောက်ကနေ စစ်ကားတစီးက အရှိန်နဲ့ မောင်းဝင် တိုက်ခဲ့တာကို PVTV ရုပ်သံမှာ မြင်တွေ့ရပါတယ်။
စစ်ကောင်စီတပ်ရဲ့ အကြမ်းဖက်ပစ်ခတ် ဖြိုခွင်းမှုကြောင့် ဆန္ဒပြလူငယ် အနည်းဆုံး ၄ ယောက် ထိခိုက် ဒဏ်ရာရ (သို့) သေဆုံးခဲ့ကာ ဖမ်းဆီးခံရသူတွေရှိတယ်လို့ သတင်းတွေထွက်ပေါ်နေပေမဲ့ ဒီဗွီဘီက သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဒဏ်ရာရသူတွေအထဲမှာ သတင်းထောက် တယောက်ပါတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်။