မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာက အရက်ဆိုင်မှာ အရက်ထိုင်သောက်နေကြတဲ့ စစ်ကောင်စီတပ်သားတွေကို ဒီဇင်ဘာ ၃ ရက် ညနေပိုင်းက အဝေးထိန်း မိုင်း ၂ လုံးနဲ့ ဖောက်ခွဲတိုက်ခိုက်ခံရတယ်လို့ သိရပါတယ်။
စဉ့်ကိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ခံက ''အကြမ်းဖက်စစ်ကောင်စီတပ်သားတွေဟာ အဲ့ဒိရွာက အရက်ဆိုင်တဆိုင်မှာ နေ့စဉ် အရက်သောက် မူးရူးသောင်းကြမ်းနေတယ်သိရလို့ အရက်ထိုင်သောက်နေကြတဲ့ စစ်ကောင်စီတပ်သား ၁၂ ဦးကို အဝေးထိန်းမိုင်း အကြီးစား ၂ လုံးနဲ့ ဖေါက်ခွဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်'' လို့ အတည်ပြုပြောပါတယ်။
အဆိုပါ ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အရက်သောက်နေတဲ့ စစ်ကောင်စီတပ်သားတွေ ထိခိုက်သေဆုံးမှုရှိနိုင်တယ်ခန့်မှန်းထားပြီး သေဆုံးဒဏ်ရာရမှု အခြေအနေကိုတော့ အတိအကျ မသိရဘူးလို့ ဆိုပါတယ်။
စဉ့်ကိုင်မြို့နယ်၊ ရွာဘိုကျေးရွာအတွင်း စစ်ကောင်စီက တပ်စွဲထားတာ တလနီးပါးရှိပြီး ဖောက်ခွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီတပ်သားတွေဟာ သေနတ်တွေပစ်ဖောက်ကာ ကျေးရွာအတွင်း သောင်းကျန်းနေတယ်လို့ သိရပါတယ်။