မကွေးတိုင်း၊ ဆောမြို့နယ်ထဲမှာ ဒီဇင်ဘာ ၄ ရက် ဒီနေ့ညနေက ကျေးရွာသား ၃ ယောက်ကို စစ်ကောင်စီတပ်က ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်အင်အား ၈၀ ကျော်ဟာ ဒီညနေပိုင်း ၄ နာရီလောက်က ညောင်ကန်ရွာကို လာနေတုန်း လမ်းမှာတွေ့ရတဲ့ သလယ်ရွာသား ၃ ယောက်ကို ဖမ်းဆီးထားတာပါ။
ဒေသခံတယောက်က “သူတို့က နှစ်ချောင်ရွာနားကနေ ဝင်လာတာ။ သလယ်ရွာသား ၃ ယောက်က နှစ်ချောင်ကိုသွားနေတုန်း လမ်းမှာတွေပြီး ဖမ်းသွားတာ။ အခု စစ်သားတွေက ညောင်ကန်ရွာက ဘုရားကုန်း၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းမှာ စခန်းချထားတယ်” လို့ ပြောပါတယ်။
စစ်သားတွေရောက်လာလို့ ညောင်ကန်ရွာသားတချို့ကတော့ ဘေးလွတ်ရာရှောင်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်က အင်အား ၁၀၀ ကျော်ဟာ ပြီးခဲ့တဲ့ရက်ပိုင်းကတည်းက ပေါက်မြို့နယ်နဲ့ ဆောမြို့နယ်မှာ လှည့်လည်သွားလာနေတာလို့ ဆောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
“မနက်က ပေါက်မြို့နယ်၊ သက်ကယ်ကျင်းရွာကနေ ကျနော်တို့ဘက်ကို ဆင်းလာတော့ သူတို့မိုင်းမိတယ်။ ပေါက် PDF က ထောင်တာ။ စစ်သား ၇ ယောက်သေတယ်။ တော်တော်များများလည်း ဒဏ်ရာရတယ်။”
ဒါ့အပြင် စစ်ကောင်စီ စစ်သား ၅ ယောက်ဟာ ပေါက် PDF ဆီကို ဒီနေ့ အာဏာဖီဆန် CDM ဝင်လာတယ်လို့လည်း ပြောပါတယ်။
စစ်တပ်ဟာ ဆောမြို့နယ်ထဲမှာ စစ်ကြောင်း ၃ ခုခွဲပြီး ကွန်မန်ဒိုစစ်ဆင်ရေးလုပ်နေတယ်လို့လည်း ဆောပြည်သူ့ကာကွယ်ရေးတပ်က ထုတ်ပြန်ထားပါတယ်။