Home
မြန်မာသတင်း
တရုတ်နယ်စပ်ပြန်ဖွင့်သော်လည်း လုပ်ငန်းစဉ်အဆင့်များလွန်းသဖြင့် ဖရဲသီးကုန်သည်များ အခက်ကြုံ
DVB
·
December 2, 2021
259644492_3112941425618107_6873495822688785235_n

မြန်မာ- တရုတ်နယ်စပ်ကုန်သွယ်ရေးကို   ကွန်တိန်နာ ရှန်တိန်စနစ်နဲ့ ပြန်လည်စမ်းသပ်ဖွင့်လှစ်လိုက်ပေမဲ့ ကိုဗစ်ကာလဖြစ်လို့ လုပ်ဆောင်ရမယ့်များပြားလှတဲ့ ကျန်းမာရေးဆိုင်ရာလုပ်ငန်းစဥ် အဆင့်ဆင့်နဲ့ ကုန်ကျစရိတ်တွေကြောင့် ဖရဲတင်ပို့မှု ခက်ခဲကြန့်ကြာနေတယ်လို့  မူဆယ်အခြေစိုက် သစ်သီး ကုန်သည်တွေထံက သိရပါတယ်။

တရုတ်နိုင်ငံဟာ ကိုဗစ်ကင်းရှင်းကြောင်း စစ်ဆေးထားတဲ့ ဖရဲသီးတွေကိုသာ သူ့နိုင်ငံအတွင်း တင်ပို့ခွင့်ပြုထားတာဖြစ်ပြီး၊ ဖရဲသီးတင်ပို့ရာမှာ ရှန်တိန် အဆင့်ဆင့်အပြင် ပိုးသတ်ဆေးဖျန်းပြီး မြန်မာ ဘက်ခြမ်းမှာ ၄၈ နာရီ၊ တရုတ်နိုင်ငံဘက်ခြမ်းမှာ  ၂၄ နာရီ ထားရှိပြီးမှ  ဖရဲရောင်းကွင်းကို ၀င်ရောက်နိုင်မှာ ဖြစ်တယ်လို့သိရပါတယ်။

ဒါကြောင့် ကြာရှည်အထားခံပြီး အရည်အသွေးကောင်းတဲ့ အသီးတွေကိုသာ ရွေးချယ်တင်ပို့ကြဖို့ မူဆယ်အခြေစိုက်သစ်သီးပွဲရုံ လုပ်ငန်းရှင်တွေက အကြံပြုထားပါတယ်။ 

“အဆင့်ဆင့်သွားနေရတဲ့ အနေအထားမှာကြန့်ကြာမူတွေအများကြီး ဖြစ်နေတယ်။  မြန်မာပြည် ကနေ တရုတ်ပြည်အထိကို  ၁၀ ရက် နဲ့ ၁၅ ရက်အကြားကြာနိုင်တယ်။ အဓိကကတော့ သတင်းအချက်အလက် သေချာမေးမြန်းပြီးမှ တင်စေချင်တယ်။ နောက်တရုတ်ခါလီကား မလုံလောက်တဲ့ပြသာနာ၊ ၄၈ နာရီထားရမယ့် နေရာအခက်အခဲနဲ့ ကုန်ကျစရိတ်တွေကို သတိထားရမယ်။ အခြေအနေတွေက မငြိမ်သေးတော့ ရက်ဘယ်လောက်ကြာမယ်ဆိုတာ အတိအကျမသိနိုင်ဘူး” လို့  ကုန်သည်လုပ်ငန်းရှင် တစ်ဦးကပြောပါတယ်။ 

အခုနှစ်က သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေတာကြောင့် တောင်သူတွေ စိုက်ပျိုးစရိတ်ပို ကုန်ကျမှုရှိပြီး တရုတ်နိုင်ငံက ပြောင်းလဲလိုက်တဲ့ ကုန်သွယ်ရေးစနစ်သစ်ကြောင့်လည်း  တင်ပို့စရိတ်ကို ပိုကုန်ကျစေခဲ့ပါတယ်။

ဒါ့အပြင် တရုတ်နိုင်ငံဟာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးနဲ့ ပက်သက်ပြီး မူ၀ါဒအသစ်တွေချမှတ်ဖို့လည်း ထပ်မံလုပ်ဆောင်နေတယ်လို့ ကုန်သည်လုပ်ငန်းရှင် အသိုင်းအ၀ိုင်းကနေ သိရပါတယ်။

“ရောင်း၀ယ်မူမှာ အခြေအနေတွေက မငြိမ်သေးဘူး။ တရုတ်ဘက်က အကောက်ခွန်နဲ့ ပတ်သက်ပြီးတိုးကောက်မယ့်  အနေအထားတွေ ကြားနေရတယ်။ ဒီလိုဆိုရင်တင်ပို့စရိတ် ဒီထက်ပိုများ လာနိုင်တယ်” လို့ ဖရဲစိုက်တောင်သူတစ်ဦးက ဆိုပါတယ်။ 

တရုတ်− မြန်မာနယ်စပ် ဖရဲစျေးကွက် ပြန်လည် လမ်းပွင့်လာပြီ ဆိုပေမဲ့ တရုတ်နိုင်ငံရဲ့ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်တဲ့ ပုံစံအရ မူဆယ်သစ်သီးစျေးကွက်ဟာ နဂိုပုံမှန် အနေအထားကို ပြန်ရောက်နိုင်ဖို့ မလွယ်ကူနိုင်ဘူးလို့ မူဆယ်အခြေစိုက် သစ်သီးကုန်သည်တွေက သုံးသပ်ထားကြပြီး ဆုံးရူံးမှုများ နိုင်တာကြောင့် သတိထားပြီး လျှော့ချ စိုက်ပျိုးကြဖို့ ဖရဲစိုက်တောင်သူ တွေကို အကြံပြုထားပါတယ်။  

“ဖရဲ၊သခွားကဏ္ဍမှာ ဆုံးရူံးမူတွေ များနိုင်တယ်။ သတိထားပြီးတော့ လျှော့ချပြီး စိုက်ပျိုးထုတ် လုပ်သင့်တယ်။ စိုက်အားများရင်တော့ စျေးကွက်မျှော်လင့်ချက်၊ လမ်းပန်းဆက်သွယ်ရေး အခက်အခဲနဲ့တော့ ဆုံးရူံးမှုများနိုင်တဲ့ အနေအထားပဲ” လို့ ကုန်သည်လုပ်ငန်းရှင်တစ်ဦးက ပြောပါတယ်။

အခုနှစ်မှာ အဓိက၀ယ်လက်ဖြစ်တဲ့ တရုတ်စျေးကွက် မရေရာတာကြောင့် မြန်မာနိုင်ငံက ဖရဲစိုက်တောင်သူတွေဟာ ဖရဲအစား တစ်ခြားသီးနှံကို ပြောင်းလဲစိုက်ပျိုးခဲ့ကြသလို တချို့ကတော့ တရုတ်စျေးကွက်အဖွင့်ကို မျှော်ပြီး တစ်နိုင်တပိုင် စွန့်စားစိုက်ပျိုးခဲ့ကြပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024