ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့နယ်၊ လားရှိုး-နမ္မတူသွားကားလမ်းမကြီးဘေးက အီနိုင်းလုံကျေးရွာမှာ ကိုးကန့်တပ်ဖွဲ့(MNDAA)နဲ့ စစ်ကောင်စီတို့တိုက်ပွဲဖြစ်ပွားခဲ့ရာမှာ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဒီဇင်ဘာ ၁ ရက် ည ၄ နာရီကျော်လောက်က အီနိုင်းလုံကျေးရွာ၊ ရွာလယ်တံတားမှာ တပ်စွဲထားတဲ့ စစ်ကောာင်စီရဲ့တပ်ဖွဲ့ အင်အား ၁၅ ဦးလောက်ကို MNDAA တပ်ဖွဲ့ဝင်အင်အား ၂၀ လောက်က နေရာ ၃ နေရာခွဲပြီး လာရောက်တိုက်ခိုက်ခဲ့တာပါ။
အဆိုပါ တိုက်ပွဲအတွင်း လက်နယ်ငယ်ပစ်ခတ်မှုတွေအပြင် စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲတာတွေရှိသလို မပေါက်ကွဲတာတွေလည်း ရှိတယ်လို့ တိုက်ပွဲအနီးနေထိုင်တဲ့ ဒေသခံတွေက ပြောပါတယ်။
တိုက်ပွဲဖြစ်ပွားရာအနီး နေထိုင်တဲ့ဒေသခံ ကျေးရွာသားတစ်ဦးက “တိုက်ပွဲဖြစ်တာက ရွာလယ်တံတားမှာ ဖြစ်တာ။ ကိုးကန့်အဖွဲ့က ရွာသားတွေရဲ့ နေအိမ်ဘက်ကနေပြီး နေရာ ၃ နေရာလောက်ခွဲပြီး စကစ အဖွဲ့ကို လာပစ်တာ။ နှစ်ဖွဲ့ပစ်တာ လက်နက်ကြီးတွေပါ ပါတယ်။ ရွာထဲကိုပါ လက်နက်ကြီးတွေကျတယ်”လို့ ဆိုပါတယ်။
တိုက်ပွဲကြောင့် ဒေသခံတွေနဲ့ရွေ့ပြောင်းလုပ်သားတွေဟာ လားရှိုးမြို့နဲ့ နီးစပ်ရာဆွေမျိုးတွေဆီကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို အဆိုပါတိုက်ပွဲအတွင်း နှစ်ဖက်ထိခိုက်မှုအသေးစိတ်မသိရပေမယ့် တိုက်ပွဲဖြစ်ပွားပြီး မိနစ်အနည်းငယ်အကြားမှာ လူမှုကူညီရေးအသင်းယာဥ်တစ်စီးဟာ လူနာတင်ထွက်ခွာသွားတယ်လို့ မျက်မြင်တွေ့ရှိသူတွေက ပြောပါတယ်။
၂၀၁၈ အောက်တိုဘာလလောက်က ကျေးရွာအပြင်မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့တဲ့အတွက် ဒေသခံပြည်သူတွေ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။