အပစ်ရပ်သဘောတူစာချုပ် ၁၀ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဖမ်းဆီးရမိတဲ့ မူးယစ်ဆေးဝါးတွေနဲ့ ဆက်စပ်ပစ္စည်းတွေကို ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ/ ရှမ်းပြည်တပ်မတော် (RCSS/SSA) က မီးရှို့ဖျက်ဆီးလိုက်ပါတယ်။
ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS နဲ့ မြန်မာအစိုးရအကြား ပြည်နယ်အဆင့် နှစ်ဘက်အပစ်ရပ်သဘောတူစာချုပ် ချုပ်ဆိုခဲ့တာ ၁၀ နှစ်ပြည့်တဲ့ ဒီကနေ့ ဒီဇင်ဘာ ၂ ရက်နေ့မှာ လွိုင်တိုင်းလျဲန်းဗဟိုဌာနချုပ် အမှတ် (၁) စစ်ဒေသနဲ့ တပ်မဟာ ၇၀၇ နယ်မြေမှာ မူးယစ်ဆေးတွေ မီးရှို့ဖျက်ဆီးခဲ့တာပါ။
မီးရှို့ဖျက်ဆီးခဲ့တဲ့အထဲမှာ စိတ်ကြွဆေးပြား ၁ သန်းကျော်၊ ဘိန်းညိုမှုန့် ကီလိုဂရမ် ၃၀၀ ကျော် ၊ အက်ဆစ် လီတာ ၄ သောင်းကျော် နဲ့ ဆိုဒါမှုန့် ၃၆၀၀၀ ကီလိုဂရမ် ပါဝင်တယ်လို့ RCSS က ထုတ်ပြန်ထားပါတယ်။
RCSS ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူခမ်းစံက “မူးယစ်ဆေးဝါးကတော့ ကျနော်တို့ RCSS ပေါ်လစီထဲမှာလည်းပါတယ်လေ၊ အထိမ်းအမှတ်လုပ်ပြီး မီးရှို့တာပေါ့၊ ဖမ်းမိတာကတော့ တနေရာတည်းမဟုတ်ပါဘူး။ လဲချားနဲ့ မိုင်းနောင်ကြား ကားလမ်းမှာ ၁ စီးမိတယ်၊ ကျောက်မဲဘက်မှာလည်း ၁၂ ဘီးကားနဲ့ ၂ စီး ၃ စီး မိတယ်ခင်ဗျ၊ ၁ နှစ်အတွင်းဖမ်းမိတာတွေအများကြီးပါ။ အကုန်တော့မဖျက်ဆီးရသေးဘူး။ တချို့က တပ်မဟာတွေမှာရှိတယ်။”လို့ ပြောပါတယ်။
RCSS အနေနဲ့ အသွင်သစ်နိုင်ငံရေးဆွေးနွေးပွဲကနေတဆင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး အတွက် တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ရဲ့ အနှစ်သာရကို ကိုင်စွဲပြီး အဖွဲ့အစည်းတွေ အားလုံးနဲ့ လက်တွဲပူးပေါင်းကြိုးပမ်း ဆောင်ရွက် သွားမယ်လို့လည်း ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။