စစ်ကိုင်းတိုင်း တန့်ဆည်နဲ့ အရာတော်မြို့နယ်တို့က ပြည်သူတွေရဲ့ နေအိမ်တွေကို ဒီဇင်ဘာ ၁ ရက်နေ့မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နယ်၊ ပုတီးရွာက နေအိမ် ၉ လုံးကို ဒီဇင်ဘာလ ၁ ရက် ည ၇ နာရီလောက်က အကြမ်းဖက်စစ်တပ်က ဝင်ရောက်ရှာဖွေ ဖျက်ဆီးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။
“ညနေ ၄ နာရီလောက်ကစပြီး ကျနော်တို့ရွာကို စစ်တပ်ရောက်လာတယ်။ ရွာထဲက ရှိသမျှ လူတွေ ဘုန်းကြီးကျောင်းကို သွားပါ၊ အိမ်တွေ သော့ဖွင့်ထားခဲ့၊ ရွာထဲက ထွက်ပြေးဖို့ကြံရင် ပစ်သတ်ခံရမယ်၊ မသေချင်ရင် ဘုန်းကြီးကျောင်းအပြင်ဘက်ကို မထွက်ခဲ့နဲ့လို့ လှည့်ပတ်ပြောပြီး အိမ်တွေထဲဝင်ရှာ ဖျက်ဆီးကြတာပဲ။”
စစ်ကောင်စီတပ်က ပုတီးရွာမှာ ဒီဇင်ဘာ ၁ ရက်နေ့ မနက်ကတည်းက တပ်စွဲပြီး နေအိမ်တွေကို ဖျက်ဆီးနေတာကြောင့် လူဦးရေသုံးထောင်လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဒေသခံ နောက်တဦးက ပြောပါတယ်။
“နိုဝင်ဘာ ၃၀ ရက်နေ့ ကျွန်းသာကို ဝင်တယ်။ အဲရွာကိုလည်း ဖျက်ဆီးတာတွေလုပ်ခဲ့တယ်လို့ ကြားတယ်။ ကျနော်တို့ရွာကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့ မနက်ခင်းကဝင်လာတယ်။ ကျေးရွာထဲက လူအတော်များများဘေးလွတ်ရာကို ထွက်ပြေးကြရတယ်။ ရွာထဲမှာတော့ မပြေးနိုင်တဲ့ ကလေးငယ်တွေ၊ အသက်ကြီးရွယ်အိုနဲ့ မိန်ကလေးတွေကျန်ခဲ့တာတွေရှိခဲ့တယ်။”
ပုတီးရွာမှာ မနေ့ည ၈ နာရီခန့်အချိန်ထိ နေအိမ် ၉ လုံး ဖျက်ဆီးထားကာ နောက်ထပ်လည်း အိမ်ရိုက်ဖျက်သံတွေ ကြားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပုတီးကျေးရွာအုပ်စုဟာ အိမ်ခြေ ၆၇၂ အိမ်ရှိပြီး၊ လူဦးရေ သုံးထောင်ကျော်နေထိုင်တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေဟာ တန့်ဆည်-ကျွန်လှ မြို့နယ်ချုပ်စပ် ယပင်းချောင်းရိုးတလျှောက်က စပါးတဲ၊ နနွင်းတော၊ စည်သာ စတဲ့ရွာတွေကို စစ်ကြောင်းထိုး ရှာဖွေဖျက်ဆီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ကျေးရွာက နေအိမ်အချို့ကိုလည်း ဒီဇင်ဘာ ၁ ရက်နေ့ ညနေ ၅ နာရီလောက်မှာ စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးတာတွေပြုလုပ်ပြီး သေနတ်တွေနဲ့လည်း ပစ်ခတ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
“ဒီနေ့ နောင်ကြီးအိုင်လမ်းပေါ်မှာ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲခံရတယ်။ အဲဒါကြောင့် စစ်တပ်က မီးရှို့တယ်ထင်တယ်။ ရွာထဲက တက်ကြွလှုပ်ရှားသူတစ်ဦးရဲ့နေအိမ်ကို ဝင်ရောက်မွှေနှောက်ရှာဖွေပြီး မီးရှို့လိုက်တယ်လို့ သိရတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
စစ်ကောင်စီတပ်တွေဟာ နောင်ကြီးအိုင်ကျေးရွာက ဦးဌေးလွင်ရဲ့ နေအိမ်ကို မီးရှို့ဖျက်ဆီးပြီး ညနေ ၆ နာရီထိုးချိန်အထိ သေနတ်ပစ်ခတ်သံတွေ ကြားနေရတယ်လို့ ဆိုပါတယ်။
အရာတော်မြို့နယ်၊ နောင်ကြီးအိုင်ရွာဟာ မုံရွာ - ရွှေဘို-ဒီပဲယင်း-ရေဦး-တန့်ဆည်အထိ စစ်ကောင်စီက တပ်ရိက္ခာသယ်ယူပို့ဆောင်နေကြပြီး နိုဝင်ဘာ ၃၀ ရက်နေ့ကလည်း တော်လှန်ရေးအင်အားစုတွေက စစ်ကောင်စီကားတစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့သလို ဒီဇင်ဘာ ၁ ရက်နေ့ နေ့လယ် ၁ နာရီခွဲလောက်လည်း စစ်ကောင်စီရဲ့ ဆီသယ်ယာဉ်တစ်စီး မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။